Tuesday, November 05, 2013

ရခိုင်ပြည်နယ်ရှိ NGO နှင့် INGO များ မျှမျှတတ လုပ်ဆောင်ရန် ဝန်ကြီးချုပ် သတိပေး

Posted by drmyochit Tuesday, November 05, 2013, under | No comments

ရန်ကုန်၊ နိုဝင်ဘာ ၎

လူ့အဖွဲ့အစည်း နှစ်ခုကြား ခွဲခြား ဆက်ဆံသည်ဟုဆိုကာ ဆန္ဒပြ ကန့်ကွက် ခံနေရသည့် ရခိုင်ပြည်နယ်ရှိ NGO နှင့် INGO များ လူ့အဖွဲ့အစည်းနှစ်ခု အတူတကွ နေထိုင်နိုင်ရေးအတွက် လူသားချင်း စာနာသည့် အကူအညီများ ပေးရာတွင် ပွင့်လင်းမြင်သာမှု ရှိရန်နှင့် မျှတမှုရှိရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုကြောင်း ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများ အပါအဝင် INGO၊ INGO များနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့ နိုဝင်ဘာလ ၄ ရက်နေ့တွင် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ မကြာခဏ ဖြစ်ပွားနေသည့် ဒေသဖြစ်သဖြင့် အကူအညီများ ပေးရာတွင် ပွင့်လင်းမှု ရှိရန်နှင့် မျှတမှုရှိရန် လိုအပ်ကြောင်း၊ NGO နှင့် INGO များအနေနှင့် ရခိုင် တိုင်းရင်းသားများနှင့် ထိတွေ့ကာ လုပ်ဆောင်ချက်များ မျှတမှု ရှိကြောင်း ထင်သာမြင်သာ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုသည်ဟု ဦးဦးလှသိန်းက ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲသို့ NGO နှင့် INGO အဖွဲ့ ၁၈ ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး NGO နှင INGO များအနေနှင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်ရာတွင်လည်း ဥပဒေ မူဘောင်များနှင့်အညီ နေထိုင်ရန် ဝန်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း ၎င်းကထပ်မံ ပြောဆိုသည်။

ယင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာန (UNIC) မှ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းကို ဆက်သွယ် မေးမြန်းရာတွင် NGO နှင့် INGO များသည် လွတ်လပ်မှု၊ လူသားချင်းစာနာမှု၊ ဘက်မလိုက်မှုစသည့် အခြေခံ အချက်များကို မလွဲမသွေ လိုက်နာရကြောင်း မှတ်ချက်ပြု ပြောကြားသည်။

သို့သော်လည်း ရခိုင်ပြည်နယ်ရှိ NGO နှင့် INGO များကို ဝန်ကြီးချုပ်က ပြောဆိုမှုနှင့် ပတ်သက်၍ သီးခြားမှတ်ချက်ပေး ပြောဆိုခြင်း မပြုပေ။

NGO နှင့် INGO များသည့် ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်း နှစ်ခုကြားခွဲခြား ဆက်ဆံသည်ဟုဆိုကာ အောက်တိုဘာလ ၃ ရက်နေ့က စစ်တွေမြို့ ပြည်သူ့ဆေးရုံဝင်း အတွင်းတွင် မြို့ခံလူထု ၃၀၀ ကျော်က ဆန္ဒပြ ကန့်ကွက်ခဲ့မှု ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာလ ၂ ရက်နေ့က ပေါက်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် ဒဏ်ရာရရှိသည့် ဘင်္ဂါလီများကို INGO တစ်ခုက အမြန်ရေယာဉ်ဖြင့် ခေါ်ဆောင်ကာ စစ်တွေဆေးရုံသို့ ပို့ဆောင် ခဲ့သော်လည်း လက်မောင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် ရခိုင် အမျိုးသမီးကို ခေါ်ဆောင်ခြင်း မရှိသဖြင့် ဒေသခံများ မကျေနပ်ကြကြောင်း ပေါက်တော ဒေသခံများက ပြောကြားသည်။

ပေါက်တောမြို့နယ်ရှိ ဒေသခံ မဟုတ်သည့် NGO နှင့် INGO များ နှစ်ရက်အတွင်း ထွက်ခွာပေးရန် အချက်ပါဝင်သည့် ကြေညာချက် တစ်စောင်ကို မြို့လူထုက နိုဝင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် INGO နှင့် NGO အဖွဲ့ပေါင်း ၅၀၀ ကျော် ရှိသည့်အနက် ရခိုင်ပြည်နယ်တွင် ၁၉ ဖွဲ့ ဝင်ရောက် လုပ်ကိုင်လျက် ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော်လည်း ဒေသခံလူထုကမူ INGO နှင့် NGO အဖွဲ့ပေါင်း ၈၀ ခန့် ရှိသည်ဟု ပြောဆိုထားသည်။

၂၀၁၂ ခုနှစ်တွင် မောင်တောမြို့နယ်၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပြစ်မှုကျူးလွန်ခဲ့သူ ၆၉ ဦးကို ယခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့က ပြစ်ဒဏ်ချမှတ်ရာတွင် INGO ဝန်ထမ်းနှစ်ဦး ပါဝင်သည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်