Tuesday, June 26, 2012

တူရကီဂျက်တိုက်လေယာဉ်ပစ်ချခံရခြင်းနှင့်ပတ်သက်၍ NATO တပ်ဖွဲ့က ဆွေးနွေးမှုပြုလုပ်သွားမည်ဟုဆို

Posted by Anonymous Tuesday, June 26, 2012, under | No comments


တူရကီနိုင်ငံက နိုင်ငံတကာလေပိုင်နက်အတွင်းရှိ ၎င်း၏ F-4 Phantom  ဂျက်တိုက်လေယာဉ်တစ်စင်းအား ဆီးရီးယားနိုင်ငံက ဇွန်လ ၂၄ ရက်နေ့ကပစ်ချခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့ပြီးနောက် NATO တပ်ဖွဲ့အနေဖြင့် အရေးပေါ်အစည်းအဝေးတစ်ရပ်အား ဇွန်လ ၂၆ ရက်နေ့တွင်
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် NATO မဟာမိတ်စာချုပ်၏ အခန်း(၄)ပါဖော်ပြချက်အရ မဟာမိတ်နိုင်ငံတစ်နိုင်ငံက ၎င်း၏လုံခြုံရေးအပေါ်ခြိမ်းခြောက် လာသည်ဟုတင်ပြလာသည့်အတွက် အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပပြုလုပ်ရန်စီစဉ်ရခြင်းဖြစ်ကြောင်း Newsnow သတင်းတစ်ရပ် အရသိရှိရပါသည်။ အဆိုပါတူရကီဂျက်တိုက်လေယာဉ်အပျက်အစီးအား ပင်လယ် ရေအောက် မီတာ ၁၃၀၀ ခန့်အကွာတွင်တွေ့ရှိခဲ့ကြောင်း၊ သို့ရာတွင် နေရာအတိအကျအားဖော်ပြခြင်းမရှိကြောင်း သိရှိရပါသည်။ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနကမူ အဆိုပါသတင်းထွက်ပေါ်ချက်နှင့်ပတ်သက်၍ အတည်ပြု ပြောကြားခြင်းမရှိသေးပါ။ ထိုကဲ့သို့ပစ်ချခံရချိန်တွင် ၎င်းလေယာဉ်သည် ဆီးရီးယားလေပိုင်နက်အတွင်းသို့ ရောက်ရှိမနေကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး ဒါဗူတိုဂလူကပြောကြားခဲ့ပါသည်။ အဆိုပါလေယာဉ်သည် ဆီးရီးယားနိုင်ငံမှ ရေမိုင် ၁၃ မိုင်ခန့်အကွာ နိုင်ငံတကာလေပိုင်နက်အတွင်း ပစ်ချခံရခြင်းဖြစ်ကြောင်းနှင့် ရေဒါစနစ်စမ်းသပ်စစ်ဆေးမှုအတွက် လေ့ကျင့်ရေးတာဝန်ထမ်းဆောင်နေသော လက်နက်တပ်ဆင်ထားခြင်း မရှိသည့် လေယာဉ်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်းနှင့် ဒေသအပေါ်သွယ်ဝိုက်သော အားဖြင့် ကြီးကြီးမားမားဂယက်ရိုက်ခတ်စေနိုင်သည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဆီးရီးယားနှင့် တူရကီနိုင်ငံတို့အနေဖြင့် ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ သံတမန်ရေးအရဖြေရှင်းဆောင်ရွက်ရန်နှင့် ခက်ခဲသော အခြေအနေများတွင် ကုလသမဂ္ဂထံမှအကူအညီတောင်းခံရန် တိုက်တွန်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။
Newsnow        (၂၅-၆-၂၀၁၂)    

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်