Thursday, August 23, 2012

ဝန်ကြီးဌာနများ၏ ဆိုက်ဘာလုံခြုံရေး တိုးမြှင့်ရန် အမျိုးသားဆိုက်ဘာ ကော်မတီ အကြောင်းကြားထား

Posted by drmyochit Thursday, August 23, 2012, under | No comments




ပြည်ပဟက်ကာ အဖွဲ့များ၏ ဆိုက်ဘာ တိုက်ခိုက်မှုများ ထပ်မံမခံရ စေရေးအတွက် အစိုးရဝန်ကြီး ဌာနများအား အင်တာနက် ကွန်ရက်လိုင်းများအား လုံခြုံရေးစနစ် တိုးမြှင့်ထားရန်နှင့် တိုက်ခိုက်ခံရမှုမှ ကာကွယ်နိုင်မည့် နည်းလမ်းများအား မြန်မာနိုင်ငံ အမျိုးသားဆိုက်ဘာ လုံခြုံရေး ကော်မတီမှ ဝန်ကြီးဌာန အသီးသီးသို့ အသိပေး အကြောင်းကြား ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက် အတိုက်ခံရပြီး ကတည်းက အမျိုးသားဆိုက်ဘာ လုံခြုံရေး ကော်မတီက အစည်းအဝေးလုပ်ပြီး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေ ဒီလိုမျိုးထပ်ပြီး မတိုက်ခံရဖို့ကို ဘယ်လိုကာကွယ် ရမယ်ဆိုတာနဲ့ ပြည်ပက ဘယ်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ အင်တာနက် ကွန်ရက်တွေကို ဝင်တိုက်နေတယ် ဆိုတာကို ပြောသွားတယ်။ အဲဒီနောက် ဝန်ကြီးဌာန အသီးသီးကို အင်တာနက် ကွန်ရက်စနစ်တွေရဲ့ လုံခြုံရေးကို စနစ်တကျ တိုးမြှင့်ထားဖို့နဲ့ ၂၄ နာရီပတ်လုံး ကွန်ရက်တွေကို စောင့်ကြည့်ဖို့ အကြောင်းကြားစာ ပို့လာတယ်” ဟု ၄င်းကဆိုသည်။ ထို့အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက အမျိုးသားဆိုက်ဘာ လုံခြုံရေး ကော်မတီမှ ပေးပို့သော အကြောင်းကြားစာအရ ဝန်ကြီးဌာန တစ်ခုချင်းစီအလိုက် အရေးကြီးသော Data များအား ပြည်ပဟက်ကာများ၏ ခိုးယူဖျက်ဆီးခြင်း မပြုလုပ်နိုင် ရန်အတွက် Data လုံခြုံရေးကို တိကျစွာ လိုက်နာဆောင် ရွက်သွားရန်၊ ISP များအလိုက် တာဝန်ကျသူများက Data စီးဆင်းမှုအား ၂၄ နာရီ စောင့်ကြည့်ရန်နှင့် တိုက်ခိုက်ခံရပါက Data များ ဆုံးရှုံးမှုမရှိစေရန် ဌာနအလိုက် ကွန်ပျူတာ ကျွမ်းကျင် ပညာရှင်များအား အသိပေး အကြောင်းကြား၍ အမြန်ဆုံး ပြန်လည်ပြင် ဆင်ရမည်ဟု ပါရှိကြောင်း ပြောသည်။ “ဆိုက်ဘာလုံခြုံရေး ကော်မတီကပို့တဲ့ အကြောင်း ကြားစာကတော့ ဝန်ကြီးဌာနအလိုက် အင်တာနက်ကွန်ရက် လုံခြုံရေးကို တိုးမြှင့်ဖို့ပဲ” ဟု ၄င်းက ဆိုသည်။ အင်တာနက် ကွန်ရက်များအား ဝင်ရောက် တိုက်ခိုက်နေ မှုများအား ကာကွယ်နိုင်ရန်အတွက် ပြည်ပရောက် မြန်မာအိုင်တီ ပညာရှင်များနှင့် ပြည်တွင်းရှိ မြန်မာအိုင်တီ ပညာရှင်များအား အမျိုးသားဆိုက်ဘာ လုံခြုံရေး ကော်မတီမှ အလွတ်သဘောဖြစ်စေ၊ တရားဝင်ဖြစ်စေ ပူးပေါင်းကာကွယ် ရန်အတွက် ဖိတ်ခေါ်ထားကြောင်း သိရသည်။ ယင်းကဲ့သို့ ပြည်ပ ဟက်ကာများ၏ အလွယ်တကူ ဝင်ရောက် တိုက်ခိုက်မှုကို ခံခဲ့ရခြင်းမှာ လုံခြုံရေးစနစ်များ ချို့တဲ့မှုကြောင့်လည်း ပါဝင်ကြောင်း၊ ထိုလုံခြုံရေးစနစ်များ ကောင်းမွန်စေရန် ဆက်သွယ်ရေး ဝန်ကြီးဌာနအား အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းစေကာ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်အား အချိန်ပြည့် စောင့်ကြည့်စေရန် အမျိုးသား ဆိုက်ဘာလုံခြုံရေး ကော်မတီမှ တာဝန်ပေးအပ်ထားကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်