အမေရိကန်တွင်
ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက် ဟူသော အဓိက ပါတီကြီးနှစ်ခုက ထိန်းချုပ်ထားသည်။
အိန္ဒိယတွင် ကွန်ဂရက်ပါတီနှင့် ဟိန္ဒူများ ကြီးစိုးထား သော
ဘာရာတီယာဂျာနာတာပါတီ သို့မဟုတ် အတို ကောက် ဘီဂျေပီ (BJP) က အိန္ဒိယနိုင်ငံရေး၊
စီးပွားရေး ကြီးတစ်ခုလုံးကို ကြိုးကိုင်ထား၏။ အိန္ဒိယ နိုင်ငံရေး ပါတီကြီးနှစ်ခုက
အမေရိကန် ပါတီကြီးနှစ်ခုလောက် ရှင်းရှင်းလင်းလင်း မရှိလှချေ။ များစွာ ရှုပ်ထွေး၍
ပါတီ တစ်ခုနှင့် တစ်ခု အမြဲတမ်း ဆန့်ကျင် တိုက်ခိုက် နေတတ် ကြသည်။ အမေရိကန်ရှိ ပါတီကြီးနှစ်ခုကမူ
ဆန့်ကျင်မှု များမရှိဟု မဆိုလိုသော်လည်း ရွေးကောက်ပွဲ ကာလနီး ကာလများတွင်သာ
မဲဆွယ်ခြင်း၊ စကားစစ်ထိုးခြင်း၌ အနည်းငယ် ပြင်းထန်သည်။
ထုတ်နှုတ်နိုင်သော သင်ခန်းစာမှာ အမျိုးသား အကျိုးစီးပွားကို မည်မျှ မဟာ ဗျူဟာကျကျ
ရှုမြင်နိုင်ခြင်းနှင့် ဒီမိုကရေစီယဉ်ကျေးမှုကို မည်မျှမှန်ကန်စွာ
အသုံးချနိုင်သည်ဟူသည့် အရည် အသွေး ကွာခြားချက်ကို တွေ့မြင်ရပါသည်။
လိုသည်ထက်ပိုသောဒီမိုကရေစီ
ဒီမိုကရေစီ၏ အနှစ်သာရတစ်ခုမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်နိုင်ခြင်း၊ ရေးသားဝေဖန်နိုင်ခြင်း ဖြစ် သည်။ 'လွတ်လပ်စွာထုတ်ဖော်' နိုင်ခြင်းဟူသော အဓိပ္ပာယ်ကို ဦးစွာ ဖွင့်ဆိုနားလည်ရပါမည်။ အာဏာရှင် စနစ်တွင် ဗဟိုမှ အရာရာကို ထိန်းချုပ်ထားသည်ဖြစ်ရာ ပြည်သူတို့ကို အလေးထားလေ့ရှိသည် မဟုတ်။ ထို့ကြောင့် ပြည်သူတို့၏ဆန္ဒ၊ ခံစားချက်များကို ထုတ် ဖော်ခွင့်မပေး၊ ထိုသို့ ထိန်းချုပ်ထားခံရမှုမှ 'လွတ်လပ် ခြင်း' လာခြင်းဖြစ်သည်။ တစ်စုံတစ်ဦး၊ စနစ်တစ်ခု၏ ထိန်းချုပ်မှုမှ လွတ်လပ်ခြင်းမျိုးသာ ဖြစ်သည်။ထို့ကြောင့် "You are free but responsible" ဟု ဆိုခြင်း ဖြစ်သည်။ မိမိတို့၏ စိတ်ခံစားမှု 'အလုံးစုံ' အပေါ် အတိုင်းအဆမရှိ လွတ်လပ်စွာ လိုက်ပါဆောင်ရွက်ခြင်း မဟုတ်၊ လွတ်လပ်ခြင်း၏ နောက်တွင် 'တာဝန်ရှိသည်' ဟူသည်နှင့်ပြန်လည် ထိန်းကျောင်းထားပါသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ဥပမာက ဒီမိုကရေစီ၏ အနှစ်သာရနှင့် လွတ်လပ်ခြင်းကို အတိုဆုံး အရှင်းဆုံး ဥပမာပေးခဲ့ပါ၏။ ''လွတ်လပ်ပြီဆိုပြီးတော့ လမ်းပေါ်တက်ပြီး ဆေးရိုးသည် ဆေးလှမ်းတာမျိုး မဟုတ်ဘူး'' မိမိတို့၏ လွတ်လပ်ခြင်း၊ ထိန်းချုပ်ခြင်းမှ လွတ် ကင်းခြင်းသည် တစ်ပါးသူ၏ အခွင့်အရေးကို ထိခိုက် မှုမရှိစေရန်သဘော ဖြစ်ပါသည်။
ဗြိတိသျှတို့၏ ကိုလိုနီလက်အောက် ခံဘဝမှ လွတ် လပ်ရေးရခဲ့ပြီးသည့် နောက်ပိုင်း အိန္ဒိယသည် ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်ခဲ့ပါ၏။ ဒီမိုကရေစီ ယဉ်ကျေးမှုကို အခြေခိုင်ခိုင်၊ မှန်မှန်ကန်ကန် ရင့်ကျက်စွာ လက်ခံကျင့် သုံးနိုင်ရန် တစ်ဆင့်ချင်းသွား ရမည့်အစား လွန်ကျူးစွာ သုံးစွဲစေခဲ့ခြင်းသည် ယနေ့အချိန်တွင် အိန္ဒိယသည် တရုတ်တို့၏နောက် ဖွံ့ဖြိုးတိုးတက်မှု နောက် ကျန်ရစ်စေသည့် အကြောင်းတရားများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။ အိန္ဒိယတွင် ပြောစမှတ်တစ်ခု ရှိသည်၊ လူ (၅) ဦးစုမိလျှင် အယူအဆ (၃) မျိုး ကွဲပြား၍ ပါတီ (၃) မျိုး ဖြစ်လေ့ရှိသည်ဟူ၍။ အိန္ဒိယ၏ ဒီမို ကရေစီသည် ချမ်းသာသော မိသားစုမှ ဆင်းသက် လာသော ကလေးတစ်ဦး၏ တောင့်တတိုင်း ဖြည့်ဆည်း ပေးခံရသော အခြေအနေမျိုးကဲ့သို့ ဖြစ်နေသည်။ လွတ် လပ်ရေးရကာစတွင် ဤအခြေအနေသည် နိုင်ငံသား အားလုံးကို ဝမ်းသာ ကျေနပ်စေနိုင်ခဲ့သော်လည်း၊ အလွန်အကျွံ သုံးစွဲမှုက ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း ပေါ်တက်ရာတွင် အဆီးအတား ပြန်၍ ဖြစ်လာခဲ့ပြန်ပါ ၏။ သားသမီးကို ဆူငေါက်ခြင်းသည် အနာဂတ်တွင် ကောင်းရာကောင်းကျိုးအတွက် ဖြစ်စေသော အခြေအနေ ကိုအိန္ဒိယတို့ကောင်း စွာ မဖြတ်သန်းခဲ့။
မန်မိုဟန်ဆင်းအခက်တွေ့
(၂ဝဝ၄) ခုနှစ်မှစ၍ ဝန်ကြီး မန်မိုဟန်ဆင်းသည် ကွန်ကရက်ပါတီဘက်မှ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ပျော့ပြောင်းသော မန်မိုဟန်ဆင်းနှင့် ဒီမိုကရေစီ ယဉ် ကျေးမှုကို လွန်ကျူးစွာအသုံးပြုသော အိန္ဒိယနိုင်ငံသားတို့ ထိပ်တိုက် တွေ့ကြရတော့သည်။ တစ်ဖက်မှလည်း ဘီဂျေပီက အိန္ဒိယ နိုင်ငံရေးပါတီတို့၏ အစဉ်အလာ အတိုင်း အခါမလပ် မှန်ဘီလူးဖွင့်၍ အစိုးရ၏ ဆောင် ရွက်ချက်များကို စောင့်ကြည့်၏။
ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ရာတွင် ရေရှည် လုပ်ငန်းဖြစ်သဖြင့် တစ်ခါတစ်ရံ ဆေးခါးကြီးကို သောက် ရသည်လည်း ရှိ၏။ ဖြုတ်၊ ထုတ်၊ သတ် များကို ဆောင်ရွက်ရသည်လည်း ရှိ၏။ ပြုပြင်ပြောင်းလဲရေး တိုင်းတွင် ကနဦးအစ၌ နာကျင်ကြရသည်ချည်း ဖြစ်၏။ အလုပ်မဖြစ်သောစနစ်ကို အလုပ်ဖြစ်စေမည့် စနစ်ဖြင့် အစားထိုးရသည်ဖြစ်ရာ ခပ်ဆတ်ဆတ် လုပ်ကြ ကိုင်ကြ ရလေ့ ရှိပါသည်။ ဤတွင် ပြည်သူတို့၏ ဆန့်ကျင်မှု၊ ကန့်ကွက်မှု၊ အတိုက်အခံပါတီ၏ ဝေဖန်မှု၊ ရှုံ့ချမှုများကို 'ဆင်း' တစ်ယောက် ခံရပါတော့သည်။ ရောဂါပျောက် ရန် သောက်ရသော ဆေး၏ လောလောဆယ် အခါး ဒဏ်ကိုသာ ထောက်ပြ ခြင်းခံရတတ်ပြီး၊ အနာဂတ် ပျောက်ကင်းမည့် ရောဂါအတွက် ချီးကျူးခံရတတ်သည် မဟုတ်ပါ။
နှစ်ပေါင်း (၂ဝဝ) ဖြတ်သန်းလာခဲ့ပြီးသော အမေ ရိကန်တို့၏ နိုင်ငံရေးတွင် ဤသို့အခြေအနေ မရှိချေ။ များစွာ ရင့်ကျက်ခဲ့ပြီး၊ အမြင်ကောင်းသော လူမျိုးလည်း ဖြစ်ရာ အတော်အတန်မှတစ်ပါး ကြီးမားသော ပွတ်တိုက် မှုမျိုး မရှိတတ်ချေ။ ရက်ပိုင်းအတွင်းက ဘားရက် အိုဘားမားမှ ပြန်၍ ရွေးကောက်ခံလိုက်ရ၏။ နှစ်ရက် အတွင်း စီအိုင်အေ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး ပဲထရီးရော့စ်၏ လိင်အရှုပ်တော်ပုံ ထွက်ပေါ်လာခဲ့သည်။ ဤကိစ္စကို ပြည်သူတို့သာ ရွေးကောက်ပွဲမတိုင်မီ သိရှိကြ ပါက အိုဘားမားသမ္မတ ပြန်၍ ဖြစ်လာစရာမရှိ။ အမေ ရိကန်တို့၏ ဒီမိုကရေစီသုံးစွဲမှုမှာ ဤသို့ ပါးနပ် ကျွမ်းကျင်ကြသည်။ ထိုကိစ္စကို သမ္မတ ရွေးကောက်ခံပြီးမှပြည်သူတို့သို့အသိပေးသည်။
ဒီမိုကရေစီတွင် ပွင့်လင်းမြင်သာမှု ရှိရမည်ဟု ဆိုသည်၊ သို့သော်လည်း စီအိုင်အေ၊ အမ်အိုင်၊ အက်ဖ် ဘီအိုင်တို့၏ ဆောင်ရွက်ချက်များကို ပြည်သူတို့ သိနိုင်ခွင့် မရှိ၊ ထို့ထက်လျော့သော ကိစ္စရပ်များလည်း အသိပေးရန်မသင့်ဟု ယူဆသည့်အခါ အသိပေးလေ့ ရှိသည် မဟုတ်ပါ။
အိန္ဒိယတွင် လိုင်စင်ရာဇာများ (License Raj) များက အိန္ဒိယ၏ စီးပွားရေးကို ထိန်းချုပ်ထား၏။ ပြုပြင် ပြောင်းလဲရေးကို ဆောင်ရွက်နေသော မန်မိုဟန်ဆင်းနှင့် ထိပ်တိုက် တွေ့ရပြန်သည်။ ကြီးစွာသောစိန်ခေါ်မှု ဖြစ်၏။ ဤ ကိစ္စအတွက် အခြား နိုင်ငံရေးပါတီများက အတို့ အထောင် လုပ်ကြသည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု နည်းပါးသောကြောင့် ထို အရင်းအနှီးများကို ဆင်းက ဖိတ်ခေါ်ခဲ့သည်။ လိုအပ်သော ဖြေလျော့မှုများ ဆောင် ရွက်ပေးသည်။ ဤအတွက်လည်း ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသည်။ လမ်းပန်းဆက်သွယ်ရေးသည် နိုင်ငံ တစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အရေးပါသော အခြေခံ အဆောက်အဦးဖြစ်၏။ အိန္ဒိယတွင် လမ်းဘေးနေ ပြည်သူ အရေအတွက် မနည်းပါးချေ။ လမ်းဖောက်၊ လမ်းချဲ့ကိစ္စ တိုင်းမှာပင်လျှင် ဆန္ဒပြခြင်းကို ခံရတတ်ပြန်သည်။ ဆန့်ကျင် ဘက်ပါတီများက ဘာမှမသိသော ဆန္ဒပြ ပြည်သူဘက် မှဝင်၍ အင်အားဖြည့်ပေးသည်။
ထုတ်လုပ်နိုင်သော သင်ခန်းစာမှာ အရာရာသည် သင့်တင့်မျှတစွာဟူသော မဇ္ဈိမပဋိပဒါမဟုတ်လျှင် ကောင်းကျိုးထက် ဆိုးကျိုးကို ပို၍ဖြစ်စေသည်။ လိုရာ ခရီးမရောက်ဟူ၍ ဖြစ်သည်။ အစုအဖွဲ့များ၊ ပါတီများ အနေဖြင့်လည်း အနာဂတ်အမြင် ကောင်းစွာရှိရန်နှင့် နိုင်ငံအကျိုးစီးပွားကို ရှေ့တန်းတင်နိုင်ရန် အရေးကြီး သည်။

အနာဂတ်အမြင်နှင့်ပြတ်သားမှုအရေးကြီး
အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် တရုတ်၏ တိန့်ရှောက်ဖိန်၊ ကိုရီးယား၏ ပတ်ခြုံဟီး၊ စင်ကာပူ၏ လီကွမ်ယူတို့လိုမဟုတ်၊ ပျော့ပြောင်း သိမ်မွေ့လွန်းသူ ဖြစ်၍ အခြားခေါင်းဆောင်မှုများထက် ပို၍ စိန်ခေါ်မှု များကို ရင်ဆိုင်နေရသူ ဖြစ်သည်။ တိန့်ရှောက်ဖိန်ကြောင့် တရုတ်တို့ တိုးတက်သလို၊ လီကွမ်ယူကြောင့် စင်ကာပူ ခန့်ခန့်ညားညား ဖြစ်ခဲ့သလို၊ ပတ်ခြုံဟီးကြောင့် တောင် ကိုရီးယား ကျားတစ်ကောင်ဖြစ်ခဲ့ခြင်းမှာ ပြတ်သားခြင်း နှင့် အနာဂတ်အမြင် သန်စွမ်းခြင်းကြောင့် ဖြစ်သည်။ အောက်စဖို့ဒ်နှင့် ကင်းဘရစ် ပညာသင်ဆုရခဲ့ပြီး Adam Smith ဆုရခဲ့သူ မန်မိုဟန်ဆင်းသည် အနာဂတ်အမြင် သန်စွမ်းရှာသော်လည်း ပေါက်သင့်သောခရီးကို မပေါက် နိုင်ဘဲ ဖြစ်နေရသည်။ ခေါင်းဆောင်မှု အရည်အချင်း တွင် ဤနှစ်ချက်က များစွာ အရေးကြီးပါသည်၊ ဤနှစ် ချက်ကို ပူးပေါင်းသုံးစွဲနိုင်ပါမှလည်း ခရီးရောက် ပါသည်။ ဤအရည်အချင်းနှစ်ခုသည် 'ခေါင်း' နှင့် 'ပန်း' ဖြစ်၍ 'ခေါင်း' ကိုသုံးပြီး 'ပန်း' ကို ချန်ထား၍ရသည် မဟုတ်ချေ။
အင်ဒိုနီးရှား တိုးတက်ရေးလမ်းကြောင်းပေါ် ရောက် ရှိခဲ့ခြင်းသည် ဆူဟာတို၏ကျေးဇူးနှင့် မကင်းချေ။ အာဏာရှင်ဖြစ်၍ ရေရှည်တွင် မကောင်းသော်လည်း အင်ဒိုနီးရှားသည် သူ့လက်ထက်တွင် စီးပွားရေး ဖြစ် ထွန်းမှု အားကောင်းခဲ့သည်။ ဆွေမျိုးကောင်းစားရေးကို ဦးစားပေးခဲ့လွန်းသောကြောင့် ဆန့်ကျင်ခြင်းခံရပြီး ပြုတ်ကျသွားခြင်းသာ ဖြစ်သည်။ အင်ဒိုနီးရှား၏ နိုင်ငံရေးစနစ်ပြောင်းပြီး၊ နိုင်ငံကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် စီးပွားရေး တောင့်တင်းမှု အခြေခံက ကောင်းစွာ ကျန်ရစ်ခဲ့ပြီး အပြောင်းအလဲကို အပံ့အပိုး တစ်ရပ်ဖြစ်စေခဲ့သည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက် ရာတွင် ပြည်တွင်း နိုင်ငံရေး အကျပ်အတည်း၊ လက်နက် ကိုင်များ၏ အကျပ်အတည်း၊ စီးပွားရေး အကျပ် အတည်း၊ နိုင်ငံတကာ အရေးယူမှု၊ အကျင့်ပျက်ခြစားမှု၊ လွန်ကျူးသော ဗျူရိုကရေစီယန္တရားစသော အဓိက စိန်ခေါ်မှုကြီးများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ မြန်မာ့ပြုပြင် ပြောင်းလဲရေးသည် အခြား နိုင်ငံ ပြုပြင်ပြောင်းလဲရေး များထက် အခက်အခဲ ပို၍ရှိသည်ဟု ယေဘုယျ သုံးသပ် နိုင်ပါ၏။ ပြုပြင်ပြောင်းလဲရေး၏ နိဒါန်းတွင် ဒီမိုကရေစီ နှင့် မိတ်ဆက်၊ ထိုယဉ်ကျေးမှုကို ကျင့်သုံးရမည် မှန် သော်လည်း အိန္ဒိယတို့၏ လွတ်လပ်ရေးအစ ဒီမိုကရေစီ ကျင့်သုံးမှုမျိုးအဖြစ်မှ သင်ခန်းစာရယူနိုင်ရန် ဖြစ်ပါ သည်။ သို့မဟုတ်ပါက တစ်ချိန်တွင် နောက်ဆက်တွဲ အနှုတ် လက္ခဏာရလဒ်များကို နှောင်းလူတို့အား အမွေပေးမိခဲ့သလို ဖြစ်သွားနိုင်ပါသည်၊ ဒီမိုကရေစီကို ပြတ်သားမှု၊ အနာဂတ်အမြင်တို့ဖြင့် အတူယှဉ်တွဲ ကျင့်သုံးနိုင်ပါက ပေးဆပ်မှုအနည်းဆုံး၊ အနာဂတ် အမွေကောင်းတို့ကို ထားရစ်ခဲ့နိုင်မည် ဖြစ်သည်။ ဤအတွက်လည်း အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိ သူများ၊ ပါတီများမှ တာဝန်ရှိသူများက အမျိုးသား အကျိုးစီးပွားအမြင်ဖြင့် လိုက်ပါနိုင်ကြရန်ဖြစ်ပြီး၊ ပညာကြီးကြီး၊ မြော်မြော်မြင်မြင်ဖြင့် ပံ့ပိုးနိုင်ကြရန် ဖြစ်ပါသည်။ တစ်ဆက်တည်းမှာပင် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးကို အခြေခံသည့် State Building ဟူသော နိုင်ငံတည်ဆောက်ရေးကို ပူးပေါင်း ဆောင်ရွက်ကြ သည့်နည်းတူ၊ အမျိုးသားရေးတည်ဆောက်ခြင်းဟူသော "Nation Building" ကိုလည်း ချန်မထားခဲ့ရန် လို သည်။ ယနေ့ အကျင့်ပျက်ခြစားမှု၊ ပြည်သူတို့အပေါ် မောက် မာစွာ ဆက်ဆံတတ်သော ဗျူရိုကရက်များ၏ စရိုက် သည် အမျိုးသားရေးလက္ခဏာ ဖြစ်မှန်းမသိ ဖြစ်လာ သည်မှာ တစ်ချိန်တွင် များစွာ အန္တရာယ်ရှိလာမည့်အရာ ဖြစ်ပါသည်။ "Lesson Learnt" ဟူသည် ကိုယ်တိုင် ဖြတ်သန်းပြီးမှ ရယူသော သင်ခန်းစာ ဖြစ်ပါသည်။ ကိုယ့်ရှေ့က သွားနှင့်ပြီးသော နိုင်ငံများ၏ ပြုပြင် ပြောင်းလဲမှု၏ အတွေ့အကြုံများကို ရယူခြင်းသည် "Lesson Studied" ဖြစ်ပြီး၊ ဤအချက်ကို အလေးပေး ဆောင်ရွက်နိုင်ပါက ပေးဆပ်မှုအနည်းဆုံးဖြင့် လိုရာ ခရီးကိုရောက်ခဲ့သော မြန်မာ့ပြုပြင်ပြောင်းလဲရေးဟူ၍ မှတ်တမ်းတင်ခံရမည် ဖြစ်ပါသည်။
Myanmar Express
0 comments:
Post a Comment