Tuesday, November 27, 2012

လာဘ်ပေးလာဘ်ယူ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန် စီစဉ်

Posted by drmyochit Tuesday, November 27, 2012, under | No comments


တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ တရားရုံးများအား လေ့လာချက်များအရ လာဘ်ပေး၊ လာဘ်ယူကိစ္စရပ် များနှင့် တရားစီရင်ရေး ကဏ္ဍများ၌ အုပ်ချုပ်ရေးမှူးများမှ ၀င်ရောက်စွက်ဖက် ခြင်းများကို ပြည်သူများနှင့်တကွ လေ့လာစောင့်ကြည့် ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌထံသို့ အစီရင်ခံစာ တစ်စောင်တင်ခဲ့သည်ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ သိရသည်။
“ကျွန်တော်က တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရဲ့ ကိုယ်စားတရားရုံး တွေကိုလေ့လာတွေ့ရှိချက် အရ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြင်ဆင်ထောက်ပြပေးခဲ့တာ ဆိုတော့ အဲ့ဒါကို လွှတ်တော် ဥက္ကဌဆီ အစီရင်ခံစာ တင်တာပါ” ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့် ကပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးရှိ တရားရုံးများအား လေ့လာတွေ့ရှိချက်များအရ လာဘ်ပေး လာဘ်ယူမှုများ ရှိနေခြင်း ၊ တရားစီရင်ရေးအပိုင်းတွင် မြို့နယ်အုပ်ချုပ် ရေးမှူးများ ပါဝင်ပတ်သက်နေခြင်း၊ အမှုစစ် ကြန့်ကြာနေခြင်းများ ရှိနေခြင်းကို အမြန်ဆုံးအရေးယူ ဆောင်ရွက်ရန် လိုအပ်နေကြောင်းကိုလည်း တင်ပြခဲ့သည် ဟု ၄င်းက ဆက်ပြောသည်။
“အခုလို လာဘ်ပေးလာဘ်ယူ လုပ်နေတာကို ပပျောက်ဖို့ပေးတဲ့သူရော ယူတဲ့သူပါ၊ အရေးယူဖို့ နောက် လေ့လာ စောင့်ကြည့်တဲ့ အဖွဲ့လည်း ဖွဲ့ဖို့၊ ရှေ့နေ ၊ တရားသူကြီး ၊ မှုခင်းဆရာဝန် ၊ ရဲ ၊ သက်သေ ဘာပဲဖြစ်ဖြစ် မမှန်မကန်လုပ်တာကို လေ့လာစောင့် ကြည့်ရေးအဖွဲ့က  တွေ့ရင် သူတို့ကို အရေးယူရမယ့် ကိစ္စတွေ တင်ပြထားပါတယ်” ဟု  အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။
နေပြည်တော်တွင်လည်း လယ်မြေကိစ္စနှင့်ပတ်သက်၍ တရားစွဲဆိုခြင်းများရှိပြီး လာဘ်ပေးလာဘ် ယူခြင်းများ ရှိနေခြင်းကြောင့် လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့သည့်နေရာ၌ မှန်ကန်စွာ စီစစ်ရွေးချယ်နိုင်ရန် အရေးကြီးကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။
“နေပြည်တော်မှာဆိုရင် မကြာမကြာကြားနေရတယ်၊ အုပ်ချုပ်ရေးမှူးပိုင်းက ၀င်စွက်ဖက်ပြီး လယ်မြေသိမ်း ၊ အိမ်တွေ ဖျက်ခိုင်းတာတွေ မတရားသဖြင့် တရားစွဲတာတွေ ဖြစ်နေတယ် ကျွန်တော့်ရှေ့မှောက်မှာပါပဲ အဲ့တော့လေ့လာစောင့် ကြည့်ရေးဖွဲ့ဖို့ကလည်း တရားဥပဒ စိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေး ကော်မတီ ကနေ သေချာ ရွေးချယ်ဖို့လိုအပ်တယ်” ဟု ဒီချုပ်ပါတီကိုယ်စားလှယ် ဦမင်းသူက ပြောသည်။
မြန်မာနိုင်ငံတွက် လာဘ်ပေးလာဘ်ယူကိစ္စများ ပပျောက်ပြီး တရားဥပဒေစိုးမိုး လာနိုင်စေရေးအတွက် ပြည်နယ်နှင့်တိုင်းများသို့ ပညာပေး ဆွေးနွေးခြင်းများ ၊ ပြည်ထောင်စုအစိုးရ အဖွဲ့နှင့်တွေ့ဆုံ ဆွေးနွေးမှုများ ၊ ရှေ့နေများ ၊ ဥပဒေ၀န်ထမ်းများ ၊ တရားသူကြီးများ ၊ တရားသူကြီး(အငြိမ်းစား)များနှင့် တွေ့ဆုံ၍အကြံဥာဏ်ရယူမှုများ ကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်ဟု တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က ဆိုသည်။
Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်