Tuesday, November 27, 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လူဝင်လူထွက် ဂိတ်များ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း

Posted by drmyochit Tuesday, November 27, 2012, under | No comments


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လူဝင်လူထွက်ဂိတ်များကို နိုဝင်ဘာလ ၂၄ ရက်နေ့က စတင်ပြီး ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်ကြောင်းနှင့် တစ်ရက်ထက် တစ်ရက် ကူးသန်းသွားလာ သူများပြားနေပြီ ဖြစ်ကြောင်းလည်း သတင်းရရှိသည်။
''နယ်စပ်ဖြတ်ကျော် သွားလာခွင့်တွေကို နိုဝင်ဘာလ ၂၄ရက်နေ့မှာ စတင်ဖွင့်လှစ်ပါပြီ။ နေ့ချင်းပြန်ရော၊ ၇ ရက်ဗီဇာသမားတွေရော အားလုံးကို ပြန်လည် သွားလာခွင့် ပြုလိုက်တာ ဖြစ်ပါတယ်''ဟု မောင်တော နယ်စပ် ကုန်သည်များအသင်း ဥက္ကဌက ပြောသည်။
နေ့ချင်းပြန် သွားလာခွင့်ကို နိုဝင်ဘာလ (၁၉ ) ရက်နေ့တွင် နယ်စပ်လုံခြုံရေးအရ ပိတ်လိုက်ခြင်းဖြစ်ပြီး တစ်ပတ်အကြာတွင် ပြန်လည်ဖွင့်လှစ် လာခြင်းဖြစ်ကြောင်းလည်း သိရသည်။ ယင်းအပြင် ဇွန်လ ၈ ရက်နေ့ မောင်တော ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခဲ့သည်မှစကာ ငါးလကျော်ကြာ သွား လာခွင့် ပိတ်ထားခဲ့သည့် (၇) ရက်ဗီဇာဖြင့် သွားလာခွင့်ကိုလည်း ပြန်လည်ဖွင့်လှစ် ပြီဖြစ်ကြောင်းလည်း သိရသည်။
''၇ ရက်ဗီဇာနဲ့ သွားလာခွင့်ကို ပြန်လည်ဖွင့်လှစ်တော့ နယ်စပ်ကုန်သွယ်ရေး ပိုမို အားကောင်းလာမယ့် သဘောမှာ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်က ကုန်သည်တွေလည်း ဒီကို လာခွင့်ရပြီ။ ဒီကကုန်သည်တွေလည်း ဟိုဘက်သွားပြီး ဈေးကွက်ရှာဖွေတာတွေ လုပ်နိုင်လာပြီဆိုတော့ ကောင်းပါတယ်'' ဟု ဘင်္ဂလားဒေ့ရှ် ကုန်သည်တစ်ဦးက မောင်တောမြို့သို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်။ ''၇ ရက်သွားလာခွင့်ကို ဖွင့်လှစ်တာဟာ မောင်တောနယ်စပ် ကုန်သွယ်ရေးကို တိုးတက်လာစေတယ် ဆို တာကတော့ မဟုတ်ပါဘူး။ နှစ်ဖက် ကုန်သည်အချင်းချင်း ဆက်သွယ်ဖို့ ဆိုရင်တောင် နေ့ချင်းပြန်ကို ခွင့်ပြု လိုက်တာနဲ့ လုံလောက်တယ်။ လက်ရှိမှာလည်း ကုန်သွယ်မှုတွေ လုပ်နေတာပဲ။ ဖုန်းနဲ့ ဆက်သွယ်လို့လည်း ရပါတယ်'' ဟု မောင်တောမြို့မှ နယ်စပ်ကုန် သည်တစ်ဦးက ပြောသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် ၇ ရက် သွားလာခွင့်ကို နယ်စပ်ကုန်သွယ်ရေး တိုးတက်လာစေ ရေးအတွက် ခွင့်ပြု ထားခြင်းဖြစ်ကြောင်းနှင့် သွားလာသူများမှာ မောင်တောနယ်စပ် ကုန်သည်များအသင်း၏ အသင်းဝင်ဖြစ် ရမည်ဖြစ်ကြောင်းလည်း သိရသည်။ နယ်စပ်ဖြတ်ကျော် (၇) ရက်သွားလာခွင့်ကို ပြန်လည်ခွင့်ပြု လိုက်သော်လည်း အမှန်တကယ် ကုန်သည် များကိုသာ သွားလာခွင့် ပြုသင့်ကြောင်းနှင့် အမှန်တကယ် ကုန်သည်ဟု သိစေရန် ကုမ္ပဏီ၏ ထောက်ခံ ချက်များကို စစ်ဆေးရန် လိုအပ်ကြောင်း မောင်တောမြို့ခံများက ပြောကြားကြသည်။ ''အခုလို ၇ ရက်သွားလာခွင့်ကို ခွင့်ပြုလိုက်တာဟာ နယ်စပ်ကုန်သွယ်ရေးအတွက် ကောင်းကျိုးတွေ ရှိနိုင် သလို နယ်စပ်လုံခြုံရေးအတွက် သေသေချာချာ စစ်ဆေးမှုတွေ မလုပ်နိုင်ရင် စိုးရိမ်စရာတွေ ဖြစ်လာနိုင် တယ်။ ဖောက်ခွဲရေးသမားတွေ ကုန်သည်အယောင်ဆောင်ပြီး ဒီလမ်းက ၀င်လာနိုင်ပါတယ်။ မောင်တော မှာ၁၉၉၄ ခုနှစ်မှာ ဖောက်ခွဲရေး သမားတွေ လက်ချက်နဲ့ မြို့ပေါ် ၅ နေရာမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ဖူးတယ်။ ဒါကြောင့် စိုးရိမ်ပါတယ်။ နောက်ပြီး ကုန်သည်တွေသာ သွားလာခွင့်ရှိတယ်လို့ ဆိုပေမယ့် အမှန်တကယ်မှာ မောင်တောက ဘင်္ဂလီတွေဆေးကုသဖို့သွားသူနဲ့ မှောင်ခိုစီးပွားရေးလုပ်သူတွေပဲ သွားလာတာ များပါ တယ်''  ဟု မောင်တောမြို့ခံတစ်ဦးကပြောသည်။
မောင်တော နယ်စပ်ကုန်သွယ်ရေး တိုးတက်လာခြင်းမှာ  ၇ ရက်ဗီဇာဖြင့် သွားလာခွင့်ပြု လိုက်ခြင်းနှင့်သက် ဆိုင်ခြင်းမဟုတ်ကြောင်းနှင့် ၇ ရက်သွားလာခွင့် မရှိရင်လည်း အဆင်ပြေကြောင်း ကုန်သည်များကပာ ကြားကြပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဖြတ်ကျော်သွားလာခွင့်ကို နေ့ချင်းပြန်ခရီးသည်များနှင့် ၇ ရက်နေထိုင် သွားလာသည့် ကုန်သည်များကို ခွင့်ပြုပေးထားပြီး ၇ ရက်ပြည့်ပြီးသော်လည်း နောက်ထပ် ရက်တိုးနေထိုင်ခွင့်ကိုလည်း ခွင့်ပြုချက်တောင်းခံ နေထိုင်နိုင်ကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်မှ နေ့ချင်းပြန်ခရီးသည် တစ်နေ့လျှင် ၅၀ ဦးခန့်နှင့် ၇ ရက်ဗီဇာဖြင့် ၀င်ရောက်သူ ၁၅ ဦးခန့်ရှိပြီး မြန်မာဘက်မှလည်း နေ့ချင်းပြန်ခရီးသည် ၅၀ ဦး ၊ ၇ ရက်ဗီဇာဖြင့် သွားသူ ၂၀ ဦးခန့် ရှိနေကြောင်းသိရှိရပါသည်။    

      Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်