Tuesday, November 27, 2012

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့ တက်ရောက်ကြည်ညို ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

Posted by drmyochit Tuesday, November 27, 2012, under | No comments


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် အစိုးရ ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲတွင် နေပြည်တော် ဥပ္ပါတ သန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာ ဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့ တက်ရောက်ကြည်ညို၍ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို  ဆက်ကပ် လှူဒါန်းကြသည်။
အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်း တိုက်  ပဓာန နာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရဘိဝံသ ဆရာတော်ကြီး အမှူးပြုသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ စေတိယဟိတကာရဆရာတော်၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်ကြီးများ၊ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ သြဝါဒါ စရိယ ဆရာတော် ကြီးများနှင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး ဒေါ်နန်းရွှေမှုန်နှင့် ဦးဥာဏ်ထွန်းနှင့် ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဇနီးဒေါ်ခင်လေးသက်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ နိုင်ငံတော်သမ္မတရုံးနှင့် သာသနာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
 အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ဦးစီးအရာရှိ သဒ္ဓမ္မဇောတိကဓဇ ဦးသူရ က ဆောင်ရွက်ပြီး အခမ်းအနား အစီအစဉ်များကို ဖတ်ကြားကြေညာသည်။ ရှေးဦးစွာ ဆရာတော် သံဃာတော်များနှင့် ပရိသတ်များက အခမ်းအနားကို  “နမောတသ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။ ထို့နောက် နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်  ပဓာန နာယက  ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရဘိဝံသ ထံမှ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍  နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက်  ပဓာန နာယက  ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရဘိဝံသ ထံ နိုင်ငံတော် သမ္မနှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့က ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် နိုင်ငံတော် သြဝါဒါစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရ ထံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်းဝင်းတို့က ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် ခြောက်ထပ်ကြီး ဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီးများထံ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့က ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် ဆရာတော် သံဃာတော်များထံ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းမှူးနှင့် ဒုတိယ ဝန်ကြီးများက ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
 ဆက်လက်၍ နိုင်ငံတော်သြဝါဒါစရိယ နေပြည်တော်  ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် မဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရ ထံမှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဇနီးဒေါ်ခင်ခင်ဝင်းနှင့် ဧည့်ပရိသတ်များက အနုမောဒနာ တရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေကြသည်။ ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်း လိုက်သည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ ယနေ့ကျင်းပသည့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ကထိန်ပဒေသာပင် (၁၄) ပင် အပါအဝင် စုစုပေါင်း လှူဒါန်းငွေကျပ် (၉၉) သိန်းကျော် ဖြစ်ကြောင်း သိရှိရသည်။
Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်