ထိုင်းငါးဖမ်းလှေပေါ်ရောင်းစားခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၇ ယောက်ကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ (AHTD) နဲ့ ထိုင်းနိုင်ငံ ရောက် မြန်မာ နိုင်ငံသားများ အဖွဲ့ တို့ ပူး ပေါင်းပြီး မနေ့က ကယ်တင် နိုင်ခဲ့တယ် လို့ သိရပါတယ်။
ဘန်ကောက်မြို့အနီး မဟာချိုင်ဒေသမှာ အလုပ်လုပ်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတချို့ (Credit: Reuters)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက ချွန်ဘူရီခရိုင်၊ လှေအမှတ် ၆၇ဆိုတဲ့ ငါးဖမ်းလှေပေါ်က မြန်မာ နိုင်ငံသား ၄ယောက် နဲ့ စမုတ် ပရာကန် ခရိုင် ခလောင်တန် လှေဆိပ်က လှေအမှတ် ၂၁ ဆိုတဲ့ ငါးဖမ်း လှေပေါ်က မြန်မာနိုင်ငံသား ၃ ယောက်ကို ကယ်တင်နိုင်ခဲ့တာပါ။
ရောင်းစား ခံရာကနေ ပြန်လည် လွတ်မြောက် လာတဲ့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ်က ကိုအောင်ကို လင်းက သူရဲ့ အတွေ့အကြုံကို အခုလို ပြောဆိုပါတယ်။
ကျနော် တို့လာတာ ယောင်္ကျားလေး (၁၁) ယောက်၊ မိန်းကလေး (၃)ယောက်၊ မိန်းက လေးတော့ သူတို့ အဲဒီ မြို့ထဲမှာ ထားခဲ့တယ်၊ ကျနော်တို့ ယောင်္ကျားလေး (၁၁)ယောက်တော့ တဖွဲ့ထဲ လှေထဲ ပို့တာပေါ့၊ ကျနော့် အကို ၁ ယောက်နဲ့ သူငယ်ချင်း တယောက်က အချောင်ဘက် (ချွန်ဘူရီ) ကို ပို့လိုက်တယ်၊ မြဝတီကကောင်(၁) ယောက်နဲ့ ကျနော့် အကိုတွေနဲ့ လည်း အခု ထက်ထိ အဆက် အသွယ်လည်း မရဘူး၊ ကျန်တဲ့ လူတွေ ကတော့ တဖွဲ့ ထဲ တစီးထဲ ပို့တာပေါ့၊ ပြီးတော့ ပင်လယ်ထဲ ကြတော့ တစီး တယောက် ခွဲတာ ကျနော်တို့(၂)ယောက်ပဲ တစီးထဲကျတယ်၊ ကျန်တဲ့လူတွေကတော့ တယောက်စီ အကုန်ကွဲသွားတာ၊ ပင်လယ်ထဲမှာ (၁)လခွဲ (၂)လနေရတာပေါ့ ကမ်းပြန်ဝင်တော့လည်း ကျနော်တို့မှာ အလုပ်တွေ ပြီးစီး အောင်လုပ်၊ လုပ်ပြီးတော့ ညထမင်းစားပြီး အဲဒီတိုက်ခန်းလေး ကျဉ်းကျဉ်းလေးထဲထားပြီး သော့ပိတ် ထားတာ၊ (၁၀)ပေပတ်လည် အခန်းလေးထဲ အဲဒီမှာ ကျနော်တို့ (၁၁)ယောက်လုံးလုံး အဲဒီမှာ သိပ်ထားတာ၊ ပန်းရံ လုပ်ရ မယ်ဆို လှေပေါ်ရောက်သွားတာ လှေပေါ်က သူငယ်ချင်းတွေက မင်းတို့ရောင်းစားခံရတာတဲ့၊ အဲဒီ အရင် ရောက်တဲ့ သူတွေက ပြောတာပေါ့၊ ကျနော်တို့လည်း အဲဒီကျမှ ရောင်းစား ခံရမှန်း သိတာ။
လွတ်မြောက်လာသူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် မောင်ချမ်းငြိမ်းကို အပါအ၀င် ကိုညီညီဟိန်း၊ ကိုလှ သန်း၊ ကိုဇော်လင်း၊ ကိုမောင်ဖြူ၊ ကိုမိုးဝေ၊ ကိုအောင်ကိုလင်း တို့ဖြစ်ကြပြီး မြန်မာနိုင်ငံ ရန်ကုန်တိုင်း၊ ဧရာ ဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ နေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
သူတို့ကို မြန်မာနိုင်ငံ မြဝတီမြို့ကတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို လူပွဲစားတွေက ခေါ်လာပြီးနောက် ငါးဖမ်း လှေတွေမှာ တစ်နေရာစီခွဲပြီး ရောင်းစားခံခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ငါးဖမ်း လှေတွေ ကနေ လွတ်မြောက် လာသူ အားလုံးကို လောလောဆယ် ဘန်ကောက်မြို့က လူကုန်ကူးမှု ကာကွယ် တားဆီး နှိမ်နင်းရေးရုံးမှာ စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်နေတယ် လို့လည်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ထားပါတယ်။
From: ABC Radio Australia
0 comments:
Post a Comment