သမ္မတ သက်တမ်းအတွင်း ပထမဆုံး ထိုင်းခရီးစဉ်တွင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး အဓိက ဆွေးနွေးသွားမည်ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်ထရာနှင့် တွေ့ဆုံရာတွင် ထားဝယ် ရေနက် ဆိပ်ကမ်း ဖွံ့ဖြိုးရေး အပါအ၀င် စီးပွားရေး ကိစ္စများကို အဓိက ဆွေးနွေးမည်ဖြစ်ပြီး မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော ဒုက္ခသည်များ အရေးပါ ဆွေးနွေးသွား ဖွယ်ရှိသည်။
သမ္မတသည် ဇူလိုင်လ ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် သမ္မတနှင့် အဖွဲ့သည် ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိခဲ့ကြပြီး ယင်းမှတစ်ဆင့် တည်းခိုမည့် Mandrin Oriental ဟိုတယ်သို့ ထွက်ခွာခဲ့သည်။ ဟိုတယ်တွင် ထိုင်းရင်းနှီးမြှုပ်နှံမှု အဖွဲ့နှင့် တွေ့ဆုံပြီးနောက် ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေနက်ဆိပ်ကမ်း လမ်ချာဘန်သို့ သွားရောက် လေ့လာခဲ့သည်။
ဘန်ကောက်မြို့နှင့် ကီလိုမီတာ ၈၀ ခန့်ဝေးသော ချောင်ဘူရီ ခရိုင် အတွင်းရှိ လမ်ချာဘန် ရေနက်ဆိပ်ကမ်းသည် ထိုင်းနိုင်ငံအတွက် အရေးအကြီးဆုံး ရေနက် ဆိပ်ကမ်းဖြစ်ပြီး ပင်လယ်ရေကြောင်း ပို့ဆောင်ရေး၏ ၇၀ ရာခိုင်နှုန်းကို လုပ်ဆောင်နေသည့် ဆိပ်ကမ်း ဖြစ်သည်။
ထိုင်းနိုင်ငံက လာရောက်ဆောက်လုပ်မည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းတွင် ဝေဖန်မှုများ ပေါ်ထွက်နေခဲ့ပြီး သဘာဝ ပတ်ဝန်းကျင်နှင့် ဒေသခံတို့အပေါ် ထိခိုက်လာမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ဝေဖန်မှုအချို့နှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ကျောက်မီးသွေး စက်ရုံ တည်ဆောက်မည့် အစီအစဉ်မှာလည်း ဖျက်သိမ်းခဲ့ရသည်။ သို့ဖြစ်ရာ ထိုင်းနိုင်ငံဘက်က နိုင်ငံတွင်း အကြီးဆုံးနှင့် သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေမှုရှိရန် အတတ်နိုင်ဆုံး ပြန် လည်ပြင်ဆင်ထားသည့် လမ်ချာဘန် ရေနက်ဆိပ်ကမ်းကို လိုက်လံပြသ ခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လ ၂၃ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်ထရာနှင့် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများကို ဆွေးနွေးရန် စီစဉ်ထားသည်။ ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ်တွင် နယ်ခြား၌ ဖမ်းဆီးခံရပြီး မြေယာ ကျူးကျော်မှုဖြင့် ထိန်းသိမ်း ခံထားရသော ထိုင်းနိုင်ငံသားများ အရေးနှင့် ပတ်သက်ပြီး ထိုင်းဘက်က ဆွေးနွေးဖွယ်ရှိနေသည်။ ယင်းအပြင်ထိုင်း နိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ဘ၀နေထိုင်မှု မြှင့်တင်ရန်နှင့် ဒုက္ခသည်များအရေးတို့ကိုလည်း ဆွေးနွေးကြဖွယ်ရှိသည်။ သမ္မတဦးသိန်းစိန်သည် ဇူလိုင်လ ၂၄ ရက် ထိုင်းနိုင်ငံမှ မထွက်ခွာမီ ထိုင်းမင်းသမီး သီရိဒုံနှင့် တွေ့ဆုံမည်ဟုလည်း သတင်းများ ထွက်ပေါ်နေပြီး ယင်းကိစ္စမှာမူ အတည်မပြုနိုင်သေးပေ။
သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင်း ဆောင်ရွက်မည့် ထိုင်းစီမံကိန်းများနှင့် ပတ်သက်သည့် နားလည်မှု စာချွန်လွှာ ရေးထိုးပွဲကိုလည်း တက်ရောက်မည်ဖြစ်သည်။
ထိုင်းနိုင်ငံသည် တရုတ်ပြီးလျှင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း အသားတင် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံမျှ ရှိခဲ့သည်။
မြန်မာနိုင်ငံက ထိုင်းနိုင်ငံမှ တင်သွင်းမှုမှာ တရားဝင် စာရင်းဇယားများအရ အမေရိကန်ဒေါ်လာ ၆၉၁ ဒသမ ၁၅ သန်းရှိပြီး မြန်မာနိုင်ငံက တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၂ ဘီလျံ ဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ တင်ပို့မှု သိသိသာသာ များပြားနေခြင်းမှာ သဘာဝဓာတ်ငွေ့ ရောင်းချခြင်းကြောင့် ဖြစ်သည်။
သမ္မတ၏ ယခုခရီးစဉ်သည် ထိုင်း-မြန်မာ ဆက်ဆံရေးအတွက် သမိုင်းမှတ်တိုင် တစ်ခုဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုခရီးစဉ်သည် ဆက်ဆံရေး တိုးမြှင့်ရန် အခွင့်ကောင်း တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အားထုတ်မှုများကို ထောက်ပံ့ပေးခြင်းဖြင့် နှစ်နိုင်ငံ အကျိုး စီးပွားအတွက် သာမက ဒေသတစ်ခုလုံးအတွက်ပါ အကျိုးရှိစေမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သမ္မတ ဦးသိန်းစိန်သည် ထိုင်းစက်မှုနှင့် စိုက်ပျိုးရေး နယ်ပယ်မှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။ ထိုင်းစွမ်းအင် လုပ်ငန်း Petroleum Authority of Thailand (PTT) ၊ PTTEP ၊ Siam Cement ၊ SCG Group ၊ Charoenbho keka-bhand Food Public တို့မှ အမှုဆောင် အရာရှိချုပ်များ၊ ဥက္ကဋ္ဌများနှင့်လည်း ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံမည်ဖြစ်သည်။
မြန်မာသမ္မတသည် ထိုင်းခရီးစဉ်ကို နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ပြီးမှ သွားရောက်ခဲ့ခြင်းဖြစ်သည်။
Time in Rangoon

0 comments:
Post a Comment