Friday, October 12, 2012

ဒုတိယပိုင်း သွင်းဂိုးများဖြင့် ကမ္ဘောဒီးယားကို အနိုင်ရခဲ့သည့် မြန်မာအသင်း

Posted by drmyochit Friday, October 12, 2012, under | No comments


From : soccer myanmar

မြန်မာ အသင်းသည် ယခုပွဲတွင် ကစားသမား အချို့ကို ပြောင်းလဲ ပွဲထုတ်ခဲ့သည်ကို တွေ့ရသည်။ မြန်မာ အသင်းတွင် တိုက်စစ်မှူး ဟူ၍ ကောင်းစည်သူ တစ်ဦးတည်းသာ ရှိရာ ယခုပွဲတွင် ကောင်းစည်သူကို အနားပေး ခဲ့သောကြောင့် မြန်မာ အသင်း၏ ပွဲထွက် လူစာရင်းတွင် တိုက်စစ်မှူး တစ်ဦးမျှ ပါဝင်ခြင်း မရှိခဲ့ဘဲ ကြည်လင်း က တိုက်စစ်မှူး အဖြစ် တာဝန်ယူခဲ့ သည်ကို တွေ့ရသည်။ ခံစစ် ဘယ်အစွန် ကစားသမား သိန်းသန်းဝင်းကို ကွင်းလယ် ဘယ်တောင် ပံတွင် နေရာပေးခဲ့ပြီး ရန်အောင်ကျော်၊ ခင်မောင်လွင်၊ ကျော်ဇေယျာဝင်း တို့ဖြင့် ကွင်းလယ်ကို စုဖွဲ့ခဲ့ကာ ဒေးဗစ်ထန်ကို ညာခြမ်းတွင် ပုံမှန်အတိုင်း ပွဲထွက်စေခဲ့သည်။ ခံစစ် ဘယ်အ စွန်တွင် ပြည့်ဖြိုးအောင်ကို အသုံးပြုခဲ့သည်မှ လွဲ၍ ရန်အောင်ဝင်း၊ အောင်ဟိန်းကျော်၊ ဇော်မင်းထွန်း တို့ဖြင့် အမာခံ ခံစစ် အစု အဖွဲ့ ကိုပင် အသုံးပြု ခဲ့ကာ ဂိုးသမား အဖြစ် သီဟစည်သူကိုပင် အသုံးပြခဲ့သည်။

ပွဲစသည်နှင့် မြန်မာသည် လျှင်လျှင်မြန်မြန် တိုက်စစ်ဆင်ခဲ့ပြီး ဂိုးသွင်းယူ နိုင်ရေးအတွက် အားထုတ်ခဲ့သည်။ ပွဲချိန်(၃)မိနစ်မှာပင် မြန်မာတို့ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး ထိုပြစ် ဒဏ်ဘောကို ကျော်ဇေယျာဝင်း ကန်သွင်း ရာ ဂိုးဘားပေါ် ကျော်သွား ခဲ့သည်။ မြန်မာ အသင်းသည် ပွဲအစပိုင်းတွင် ဒေးဗစ်ထန်၏ ညာခြမ်းမှ အဓိက ထိုးဖောက် ခဲ့သည်။ ဒေးဗစ် ထန်၏ ဖြတ်တင် ဘောများမှာ ကောင်းမွန် ခဲ့သော်လည်း တိုက်စစ် ကစား သမား များ ဖြစ်သည့် ကြည်လင်းနှင့် ကျော်ဇေယျာ ၀င်းတို့ အသုံး မချ နိုင်ခဲ့ပေ။ ပွဲချိန်(၁၇)မိနစ်တွင် ဒေးဗစ်ထန်၏ ဧရိယာ အပြင်မှ အမြောက်ကျော် ကန်ချက်မှ လှပသော်လည်း ဂိုးဘားကို ထိခဲ့သောကြောင့် မြန်မာ အသင်း အတွက် အပိုင်ဂိုး တစ်ဂိုး နစ်နာခဲ့သည်။ ဆက်တိုက် ဆိုသလိုပင် ကြည်လင်းနှင့် ကျော်ဇေယျာဝင်း အပေး အယူလုပ်ပြီး ကြည်လင်း ခင်းပေးရာမှ ကျော်ဇေယျာဝင်း လွတ်လွတ် ကျွတ်ကျွတ် ကန်ခွင့် ရသော်လည်း အံ့အား သင့်ဖွယ် လွဲချော် ခဲ့သည်။ ပွဲချိန်(၂၃)မိနစ်ခန့်တွင် မြန်မာ အသင်း ထောင့်ကန်ဘော (၃)ကြိမ်ဆက် ရရှိခဲ့ သော်လည်း အချည်း အနှီး ဖြစ်ခဲ့ရသည်။ ထို့အတူ ကျော်ဇေယျာဝင်း၏ ဧရိယာ အပြင်မှ ကန်ချက် မှာလည်း လွဲချော် ခဲ့ပြန်သည်။ မြန်မာ အသင်းသည် ပထမပိုင်း တစ်လျှောက်လုံး တရစပ် တိုက်စစ် ဆင်မှုများ ပြုလုပ် ခဲ့သော်လည်း အပိုင် အခွင့်အရေး ဖန်တီး နိုင်မှု နည်းပါး ခဲ့သည်။ ရရှိခဲ့သည့် အခွင့် အရေး များမှာလည်း အံ့အား သင့်ဖွယ့် လွဲချော် ခဲ့သောကြောင့် ဂိုးရ ရှိရေး ရုန်းကန် နေခဲ့ ရခြင်း ဖြစ်သည်။


ဂိုးရရှိရန် လိုအပ် နေသည့် မြန်မာ အသင်းသည် ဒုတိယ ပိုင်းစသည်နှင့် တရစပ် တိုက်စစ် ဆင်ကာ အနိုင်ဂိုး ရရှိ ရေးအ တွက် အပြင်း အထန် ကြိုးပမ်း ခဲ့သည်။ ထို့ကြောင့် ပွဲချိန်(၄၆) မိနစ်တွင် ခင်မောင်လွင် ကန်ခွင့် ရခဲ့ပြီး ထိုကန် ချက်မှာ ဂိုးဘေး ကပ်ထွက် သွားခဲ့ သောကြောင့် မြန်မာတို့ အခွင့်အရေး တစ်ရပ် ဆုံးရှုံး ခဲ့ရသည်။ မိနစ်(၅၀)တွင် ညာခြမ်းမှ ဒေးဗစ်ထန် ၏ဖြတ်တင် ပေးပို့မှုမှ တဆင့် ကြည်လင်း လွတ်လွတ် ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရသော်လည်း ၎င်း၏တိုက်ချက်မှာ ဂိုးဘေးထွက် သွားခဲ့သည်။ ညာနောက် ခံအ ဖြစ် တောက်လျှောက် ပွဲထွက်ခဲ့သည့် ရန်အောင်ဝင်း ဒဏ်ရာရရှိ သွားခဲ့ သောကြောင့် နည်းပြချုပ် ပတ်ဆောင် ဟွာက သက်နိုင်ကို ၀င်ရောက် ကစားစေခဲ့သည်။ ပွဲချိန် (၅၄) မိနစ်တွင် ကမ္ဘောဒီး ယားတို့ ဂိုးရရန် နီးစပ်ခဲ့ သေးသည်။ ညာခြမ်းမှ ချင်၏ ပြစ်ဒဏ် ဘောကို မြန်မာ နောက်ခံ လူများ ကြားမှ အူဒွန် အပိုင် ခေါင်းတိုက် ခဲ့ သော်လည်း တိုက်ချက် မသပ်ရပ် ခဲ့သော ကြောင့်သာ မြန်မာတို့ သက်သာရာ ရခဲ့ခြင်း ဖြစ်သည်။ ဂိုးကံခေ နေခဲ့ သည့် မြန်မာ အသင်းသည် ပွဲချိန်(၅၉) မိနစ်တွင် အဖွင့်ဂိုး ရရှိခဲ့သည်။ ထိုဂိုးကို ဒေးဗစ်ထန်၏ ဖြတ်တင် ဘောမှ ကြည်လင်းက သပ်သပ်ရပ်ရပ် ခေါင်းတိုက် သွင်းယူ ပေးခဲ့ခြင်း ဖြစ်သည်။ (၆၄)မိနစ်တွင် ကောင်းစည်သူ ဖြတ်ထိုး ပေးရာမှ ကြည်လင်း ပြေးပိတ်ရန် ကြိုးပမ်း သော်လည်း နောက်ခံလူ ဦးသွား ခဲ့သည်။ ပွဲချိန် (၆၁) မိနစ်တွင် ခြေစွမ်း အနည်းငယ် ကျဆင်း နေသည့် ကျော်ဇေယျာ ၀င်းကို တိုက်စစ်မှူး ကောင်းစည် သူနှင့် လူစား လဲမှု ပြုလုပ် ခဲ့သည်။ တိုက်စစ်မှူး စစ်စစ်ဖြစ်သည့် ကောင်းစည်သူ ၀င်ရောက် လာသည့် အတွက် တိုက်စစ် နေရာမှ ကြည်လင်းမှာ နောက်ချန် တိုက်စစ် အဖြစ် ပြောင်းလဲ ကစား ခဲ့သော ကြောင့် ကြည်လင်းမှာ ပိုမို ခြေစွမ်း ပြလာ နိုင်သည့် အပြင် မြန်မာ အသင်း၏ တိုက်စစ် မှာလည်း ပိုမို ကောင်းမွန် လာခဲ့သည်။ ဂိုးပေါက် ပွင့်သွားပြီ ဖြစ်သည့် မြန်မာ အသင်းသည် ပွဲချိန်(၆၅) မိနစ်တွင် ဒုတိယဂိုး ထပ်မံရ ရှိခဲ့သည်။ လူစားဝင် တိုက်စစ် မှူး ကောင်းစည်သူက


တိုက်စစ်သို့ လိုက်ပါ လာသည့် နောက်ခံလူ ဇော်မင်းထွန်း၏ ဖြတ်ထိုးပေးမှုမှ ပြေးဝင်လာပြီး တစ်ချက်ထိန်းကာ ကန်သွင်း ခဲ့ခြင်း ဖြစ်သည်။ (၆၉)မိနစ်တွင် ရန်အောင်ကျော် တစ်ကိုယ်တော် အစွမ်းဖြင့် လိမ်ခေါက်ကန်သွင်းမှု ကောင်းမွန်သော်လည်း ဂိုးသမား ကာကွယ် သွားခဲ့သည်။ ပွဲချိန်(၇၇)မိနစ်တွင် ကွင်းလယ်မှ ထိုးပေးလိုက် သည်ကို ကြည်လင်း တစ်ဖက်ဂိုး သမားကို လိမ်ခေါက်ပြီး လွတ်လွတ် ကျွတ်ကျွတ် ကန်သွင်း သော်လည်း အံ့အား သင့်ဖွယ် လွဲချော် ခဲ့သည်။ (၈၅)မိနစ်တွင် ခြေစွမ်းပြ နေသည့် ကြည်လင်း နေရာတွင် ရာဇာဝင်းသိန်း ၀င်ရောက် ကစားခဲ့သည်။ ပွဲချိန်(၈၆) မိနစ်တွင် ဒေးဗစ် ထန်-ရာဇာဝင်းသိန်း တွဲလုံးမှ ကောင်းစည်သူ အခွင့် အရေး ရခဲ့ သော်လည်း ဂိုးသမား လက်ဦး ခဲ့သည်။ ပွဲချိန် (၉၁)မိနစ်တွင် မြန်မာတို့ ပွဲသိမ်းဂိုး ရရှိခဲ့သည်။ ထိုဂိုးကို ဘယ်နောက်ခံ အဖြစ် ယခုပွဲတွင်မှ ပွဲထွက် လာခဲ့သည့် ပြည့်ဖြိုးအောင်က ပြစ်ဒဏ်ဘောကို တိုက်ရိုက် ကန်သွင်း ခဲ့ခြင်း ဖြစ်သည်။
မြန်မာ အသင်းသည် ယခုပွဲ အနိုင်ရခဲ့ ခြင်းကြောင့် ရမှတ် (၉)မှတ်ဖြင့် အုပ်စုထိပ် ဆုံးတွင် ဦးဆောင် နိုင်ခဲ့ သည်။ အောက်တိုဘာ (၁၃)ရက်တွင် ကစားရမည့် လာအိုနှင့် ပွဲတွင် (၁)မှတ်ရရှိရုံဖြင့် ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်