Thursday, November 29, 2012

နှလုံးအတွင်း စက်ထည့်ထားရသော်လည်း ကျန်းမာရေးကောင်းမွန်ကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

Posted by drmyochit Thursday, November 29, 2012, under | No comments


နှလုံးခုန်နှုန်း နှေးနေခြင်းကြောင့် စက်ထည့်ထားရသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်က လက်ရှိ ကျန်းမာရေးကောင်း မွန်ကြောင်းနှင့် ကျန်းမာရေး အခြေအနေမှာ ထိန်းညှိစက်အပေါ် မူတည်ကြောင်း မီဒီယာများ သို့ပြောကြား သည်။
သာမန်လူတစ်ဦး၏ နှလုံးခုန်နှုန်းထက် နှေးနေခြင်းကြောင့် စက်ထည့်ထား ရခြင်းဖြစ်ကာ သမ္မတ၏နှလုံးခုန်နှုန်းမှာ ၆၄၊ ၆၅ ကြား တွင်ရှိပြီး သာမန်လူတစ်ဦး၏ နှလုံးခုန်နှုန်းမှာ ၇၀ အထက်ရှိကြောင်း ရှင်းပြသည်။ “ပြည်သူတွေ တာဝန်ပေးတဲ့ သက်တမ်းတစ်လျှောက်မှာ ကျန်းမာရေးကို သတိထားပါတယ်။ ကြိုးစား ပမ်းစားနဲ့ လုပ်သွားနိုင်လိမ့် မယ်လို့ ယုံကြည်ပါတယ်”ဟု သမ္မတက ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်အပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခါနီး နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပြည်တွင်းသတင်း ထောက်များနှင့် တွေ့ဆုံစဉ် သမ္မတက ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတက်ရောက် နေစဉ်အတွင်း မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးလာရောက်သည့် အမေရိကန် သမ္မတ အိုဘားမားနှင့် တွေ့ဆုံရန်လည်း မြန်မာနိုင်ငံသို့ တစ်ညအိပ်ပြန်တွေ့ပြီး ဖနွမ်းပင်သို့ တစ်ကြိမ် ပြန်လာကာ အစည်းအဝေးများ ဆက်လျက်နေသော သမ္မတဦးသိန်းစိန်က ပြန်ခါနီးတွင်ပင် ပင်ပန်းပုံမရဘဲ မီဒီယာများနှင့်တွေ့ဆုံစဉ် သူ့ ကျန်းမာရေးအခြေအနေကို ရယ်ရယ်မောမော ဖြေကြားသွားခဲ့သည်။
“ကျန်းမာရေးကတော့ နှလုံးခုန်နှုန်းနှေးတာပါ။ ပင်ကိုကကို နှလုံးခုန်နှုန်းနှေးတာကြောင့် နှလုံးခုန်နှုန်းနှေးတာကို ကာကွယ်ပေးတဲ့အနေနဲ့ ဒီစက်ထည့် လိုက်တာ။ ၆၀ အောက်မကျအောင် သူကထိန်းပေးထားတယ်။ စက်ထည့်ထားတာ သက်တမ်းကြာ လာတဲ့အတွက် အသစ်လဲပေးထားတယ်”ဟု သမ္မတက ဆိုသည်။
“အခုထည့်ထားတဲ့ စက်က ပိုပြီးနေလို့ထိုင်လို့ကောင်းတယ်။ ဒီစက်ကောင်းနေသမျှတော့ ကျွန်တော်ဘာမှမဖြစ်ဘူး”ဟု သမ္မတ ကဆက်ပြောပြသည်။ ယခု အသက် ၆၇ နှစ်ရှိပြီဖြစ်သော သမ္မတဦးသိန်းစိန်သည် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာ နှစ်နှစ်နီးပါးရှိပြီဖြစ်သည်။
လက်ရှိ နှလုံးထိန်းညှိစက်၏ ခုန်နှုန်းမြန်လာပါက ခြေလက်များ မကိုင်ချင်မပြုချင် ဖြစ်လေ့ရှိပြီး ယင်းနှလုံးခုန်နှုန်းကို ပြန်ထိန်းရန် ဆေးသောက်ရကြောင်း ၎င်းက အသေးစိတ်ရှင်းပြသည်။ “အဲဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးက မျက်လုံးပြူးပြူးလာတယ်။ ကျွန်တော့်မျက် လုံးမပြူးသေးဘူးလို့ ကျွန်တော်ထင်တယ်” ဟု သမ္မတကရယ်ရွှန်းဖွဲ့ပြောဆိုသည်။
သမ္မတက ၂၀၁၅ တွင် ကျန်းမာရေးအရ ထပ်မံရွေးချယ်ခံ တော့မည်မဟုတ်ကြောင်း Channel News Asia သတင်းဌာနနှင့် တွေ့ဆုံစဉ်က ဖြေကြားခဲ့ပြီး ၎င်း၏ အမေရိကန် ခရီးစဉ်အတွင်းကမူ ပြည်သူများလိုလားပါက နိုင်ငံတော်အတွက် လိုအပ်ပါက နောက်သက်တမ်းတွင် ၀င်ရောက်အရွေးချယ်ခံရန် စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ သမ္မတ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက “သမ္မတကြီးက နေမကောင်း ပြင်းပြင်းထန် ထန်ဖြစ်တာမျိုးမရှိပါဘူး။ ကောင်းပါတယ်။ ကျန်းမာရေးစစ်ဆေးတာကတော့ ပုံမှန်လုပ် တယ်ရယ်လို့ မရှိပါဘူး” ဟုဖြေကြားသည်။


 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်