Thursday, November 29, 2012

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယက ထံသို့ သဘောထား ပေးပို့ခြင်း

Posted by drmyochit Thursday, November 29, 2012, under | No comments


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (   ၉   /  ၂၀၁၂)
၂၀၁၂ ခုနှစ်၊  နိုဝင်ဘာလ     ၂၇    ရက်
၁၃၇၄ ခု၊ တန်ဆောင်မုန်းလဆန်း    ၁၄    ရက်

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယက ထံသို့ သဘောထား ပေးပို့ခြင်း

၁။     ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အား ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၅ အရ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော် နာယက က (၁၈-၁၁-၂၀၁၂) ရက်တွင် ပေးပို့ခဲ့သည်။
၂။   အဆိုပါ “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-   
“၁။   ဤဥပဒေကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ ဟု  ခေါ်တွင်စေရမည်။
၂။
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥပဒေတွင်-
(က)
ပုဒ်မ ၆ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၆။  နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃  ဦး၊ စုစုပေါင်း ရွေးချယ်ထားသည့် အဖွဲ့ဝင် ၉ ဦး၏ အမည် စာရင်း ကိုလည်းကောင်း၊ ယင်းတို့အနက် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်း၍ ရွေးချယ်သည့် အဖွဲ့ဝင်တစ်ဦး၏ အမည်ကို လည်းကောင်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းပြီး သဘောတူညီချက် ရယူရမည်။”
(ခ)
ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဇ) ၏ နောက်တွင် ပုဒ်မခွဲ (ဈ) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“(ဈ)    မိမိတို့၏ လုပ်ငန်း တာဝန်များ ဆောင်ရွက်ချက် နှင့်စပ်လျဉ်း၍ မိမိတို့အား ရွေးချယ်သည့် သက်ဆိုင်ရာ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌထံသို့ အသီးသီး အစီရင်ခံခြင်း ။”
၃။       နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥပဒေတွင် ပုဒ်မ ၂၃ ကို ပုဒ်မ ၂၄ အဖြစ် လည်းကောင်း၊ ပုဒ်မ ၂၄ ကို ပုဒ်မ ၂၃ အဖြစ် လည်းကောင်း၊ ပြန်လည် အမှတ်စဉ်ရမည်။ ထိုသို့ ပြန်လည် အမှတ်စဉ်သည့် ပုဒ်မ ၂၄ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၂၄။    ပုဒ်မ ၂၃ အရ ချမှတ်သော ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။”
၎။          နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥပဒေတွင် ပုဒ်မ ၂၅ ကို ပယ်ဖျက်ရမည်။"
၃။        ပေးပို့လာသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၆၊ ပုဒ်မခွဲ(က) အရ နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်အား ပြည်ထောင်စု လွှတ်တော် နာယကထံ (၂၃-၁၁-၂၀၁၂) ရက်တွင် ပြန်လည် ပေးပို့ခဲ့သည်။ အဆိုပါ သဘောထား မှတ်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-
"၁။     ရည်ညွှန်းပါ စာဖြင့် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးရန် ပေးပို့လာသော နိုင်ငံတော်      ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လက်ခံရရှိပါသည်။
၂။         ပေးပို့လာသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မိမိ၏သဘောထား မှတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က)
ဥပဒေကြမ်း၏ ပုဒ်မ ၂၊ ပုဒ်မခွဲ (က) နှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၂၁ ၌ " နိုင်ငံတော်သမ္မတသည် မိမိ ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး နှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦး စုစုပေါင်း ကိုးဦး၏ အမည်စာရင်း ကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌအဖြစ် တာဝန် ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏ အမည်ကို လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းလျက် သဘော တူညီချက် ရယူရမည်။"  ဟု ပြဋ္ဌာန်း ထားပါသည်။ လွှတ်တော်၏ ပြင်ဆင် ပြဋ္ဌာန်း လိုချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ဆန့်ကျင်လျက် ရှိရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ပြဋ္ဌာန်းခဲ့သည့် ဥပဒေ ၂၂ ခုတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား မဆန့်ကျင်သော ပြဋ္ဌာန်းချက်သာလျှင် အတည်ဖြစ်သည်ဟု ပုဒ်မ ၄၄၆ တွင် ပြဋ္ဌာန်းပြီးဖြစ်ရာ၊ ဆန့်ကျင် ပြဋ္ဌာန်းလျှင် အလိုအလျောက် ပျက်ပြယ်မည် ဖြစ်ပါသည်။
(ခ)
ဥပဒေကြမ်း၏ ပုဒ်မ ၂၊ ပုဒ်မခွဲ (ခ) နှင့် စပ်လျဉ်း၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၁၂ သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၂၂ နှင့် ၃၂၃ တို့၏ ပြဋ္ဌာန်းချက် များတွင် ပါရှိသော ခုံရုံး၏ လုပ်ငန်း တာဝန်များအား စုစည်း ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဖြည့်စွက်သည့် ပုဒ်မခွဲ (ဈ) ပါ ဖော်ပြချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါဝင်ခြင်း မရှိသည့်အပြင် ထိုသို့ ဖြည့်စွက် ပြဋ္ဌာန်းပါက နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ အမြင့်ဆုံး တရားရုံး ဖြစ်သည့် ထိုခုံရုံး၏ လွတ်လပ်စွာ တရားစီရင် ဆုံးဖြတ်နိုင်ခွင့်ကို ထိခိုက်မည် ဖြစ်ပါသည်။ တနည်းအားဖြင့် တရားစီရင်ရေး ကဏ္ဍအား ဝင်ရောက် စွက်ဖက်မှု ဖြစ်လာပါမည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်အရ လွတ်လပ်စွာ တရားစီရင်ရေးမူ ကိုလည်း ဆန့်ကျင် နေပါသည်။ ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်အား ဆန့်ကျင်လျက်ရှိရာ ဒီမိုကရေစီ အနှစ်သာရ ပီပြင်စေရေး အထူး စောင့်ထိန်းရမည့် အချက် ဖြစ်သဖြင့် ဖြည့်စွက် ပြဋ္ဌာန်းရန် မသင့်ကြောင်း တွေ့ရှိရပါသည်။
(ဂ)
ဥပဒေကြမ်း၏ ပုဒ်မ ၃ နှင့် စပ်လျဉ်း၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၂၃ နှင့် ပုဒ်မ ၂၄ ကို ပြင်ဆင် အစားထိုးပါက အပြီးအပြတ် အတည်ဖြစ်သော ခုံရုံး၏ ဆုံးဖြတ်ချက်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဆ)ပါ တရားရုံး တစ်ရုံးက တင်သွင်းသော အကြောင်းကိစ္စအပေါ် ဆုံးဖြတ်သည့် ဆုံးဖြတ်ချက် တစ်ခုနှင့်သာ သက်ဆိုင်စေမည် ဖြစ်ပါသည်။ ကျန်အကြောင်း ကိစ္စများနှင့် စပ်လျဉ်း၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်များသည် အပြီးအပြတ် ဖြစ်မည် မဟုတ်သဖြင့် အယူခံ ပြင်ဆင် တက်ရောက်နိုင်ခွင့် ရှိသော ဆုံးဖြတ်ချက် အဖြစ်သို့ သက်ရောက်စေပါသည်။ ယင်းပြင်ဆင်ချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၂၄ ပါ ပြဋ္ဌာန်းချက် ဖြစ်သော "နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်" ဆိုသည့် ပြဋ္ဌာန်းချက်အား ဆန့်ကျင်သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၆ ပါ ပြဋ္ဌာန်းချက်အရ ပျက်ပြယ် မည်သာ ဖြစ်ပါသည်။
(ဃ)
ဥပဒေကြမ်း၏ ပုဒ်မ ၄ နှင့် စပ်လျဉ်း၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၂၅ မှာ ခုံရုံး ဆုံးဖြတ်ချက် များသည် သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များသို့ လည်းကောင်း၊ သက်ဆိုင်ရာ နေရာ ဒေသ အသီးသီး သို့လည်းကောင်း အာဏာ သက်ရောက်စေရန် ပြဋ္ဌာန်းချက် ဖြစ်ပါသည်။ ပုဒ်မ ၂၅ ၏ အနှစ်သာရမှာ ခုံရုံး၏ ဆုံးဖြတ်ချက် အကျိုးသက်ရောက်မှု အပေါ် အငြင်းပွားမှု မရှိစေရန် ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။ ယင်းသို့ ပြဋ္ဌာန်းထားခြင်း မရှိပါက ခုံရုံး၏ အကျိုးသက်ရောက်မှု အပေါ် အငြင်းပွားခြင်း၊ အဓိပ္ပါယ် ဖွင့်ဆိုရခြင်းများ ရှိလာနိုင်သဖြင့် မူလဥပဒေ ပြဋ္ဌာန်းချက် ပုဒ်မ ၂၅ ကို ပယ်ဖျက်၍ မရကြောင်း တွေ့ရှိရပါသည်။
၃။     သို့ပါ၍ ပြည်ထောင်စုလွှတ်တော်က ပေးပို့လာသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် သဘောထား မှတ်ချက်အား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၆၊ ပုဒ်မခွဲ(က)အရ ပေးပို့အပ်ပါသည်။ "
၎။        နိုင်ငံတော်သမ္မတက ပေးပို့သော သဝဏ်လွှာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၄၆ ပါ ပြဋ္ဌာန်းချက်အရ တည်ဆဲ ဥပဒေ တစ်ခု၏ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ဆန့်ကျင် ပြဋ္ဌာန်းလျှင် သို့မဟုတ် မညီညွှတ်လျှင် အတည် မဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် ထိုဥပဒေ တစ်ရပ်ကို ကိုင်တွယ် ကျင့်သုံးရပါက အဆင်ပြေ ချောမွေ့မှု မရှိလျှင် မလိုအပ်သော ကိစ္စများ ဖြစ်ပေါ်နိုင်သည်။ ထိုသို့ မဆန့်ကျင်စေရန်နှင့် ညီညွတ်မှု ရှိစေရန် ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၁၂)တွင် ဆောင်ရွက်ဖွယ် လုပ်ငန်းများကို ပြဋ္ဌာန်းထားရှိ သည်ကိုလည်း လေ့လာ သိရှိရသည်။
၅။        နိုင်ငံတော်သမ္မတ က ပြည်ထောင်စုလွှတ်တော် နာယက ထံသို့ ဥပဒေနှင့်အညီ ပေးပို့သော သဘောထား မှတ်ချက် သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်သော ဥပဒေ ပြဋ္ဌာန်းချက် ဖြစ်စေရေး၊ ဒီမိုကရေစီ ကျင့်စဉ်ကောင်းများ ပေါ်ထွန်းရန် အထောက်အပံ့ ဖြစ်စေရေး တို့ကို ရည်ရွယ်ခြင်း ဖြစ်သည်။

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်