Monday, December 24, 2012

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေကြမ်းတွင် ပြုပြင်ပယ်ဖျက်သင့်သည့် အချက်များ အများအပြားရှိနေ

Posted by drmyochit Monday, December 24, 2012, under | No comments

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဋ္ဌာနလက်အောက်မှ သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ် ထားရှိနိုင်မည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေကြမ်းအား နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဥပဒေကြမ်းတွင် ပါဝင်နေသည့် အချက်များမှာ သီးခြားလွတ်လပ်စွာ ရပ်တည်နိုင် မည်ဆိုသည့် ဗဟိုဘဏ်၏ ရပ်တည်မှုအား ထိခိုက်စေနိုင်ကြောင်း ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ရေးကော်မတီမှ ဥက္ကဋ္ဌ ဦးအောင်သောင်းက ပြောပါသည်။အဆိုပါ ပြောကြားချက်အား ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များအသင်းတို့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် တတိယအကြိမ်မြောက် တွေ့ဆုံခဲ့သည့် ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေကြမ်းတွင် ဗဟိုဘဏ်အား ကိုယ်ပိုင်အမည်ဖြင့် စဉ်ဆက်မပြတ် တောင်းခံဆောင် ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့် တရားစွဲဆိုခံနိုင်ခွင့်ရှိသော တရားဝင်အဖွဲ့အစည်းအဖြစ် တည်ထောင်ပြီဖြစ်ကြောင်း ဖော်ပြထားသော်လည်း ဗဟိုဘဏ်အနေဖြင့် လုပ်ကိုင်ရမည့်အချက်များတွင်မူ လိုအပ်ချက် များ ရှိနေကြောင်းလည်း ဦးအောင်သောင်းက ပြောပါသည်။''အစိုးရဆီက ငွေကြေးမူဝါဒ တောင်းခံရ မယ်ဆိုတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ပုဒ်မတိုင်းမှာ နည်းနည်းစီပါနေတဲ့ အစိုးရကို တင်ပြရမယ်၊ ငွေဈေးနှုန်းပြောင်းလဲ တင်ပြရမယ်ဆိုတဲ့ အချက်တွေက ဘဏ်ဥပဒေမှာ ပါနေတယ်။ ဒါကို ကျွန်တော်လည်း သဘောမကျဘူး။

ပြင်မယ်လို့လည်း ပြောထားပါတယ်'' ဟု ဦးအောင်သောင်းက ပြောပါသည်။အဆိုပါ ဥပဒေကြမ်းတွင် ဗဟိုဘဏ်ဥက္ကဋ္ဌအား နိုင်ငံတော်သမ္မတမှ ရွေးချယ်ခန့်အပ်ပေးရမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုချက်ရယူရန် လိုအပ်ကာ၊ ဒုတိယဥက္ကဋ္ဌ ၂ ဦးကိုမူ နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့် အပ်ရ မည်ဖြစ်ပြီး အဆိုပါ ပုဂ္ဂိုလ်များမှာ သက်တမ်းတစ်ခုထက် ပြန်လည်ခန့်အပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရှိရ ပါသည်။''ဗဟိုဘဏ်ဥက္ကဋ္ဌကို ခန့်တယ်ဆိုကတည်းက ခန့်တဲ့သူမျက်နှာကို ကြည့်နေတော့မှာပေါ့။

ဒါဆိုရင် ဘယ်လိုလုပ် သီးခြားလွတ်လပ်တဲ့ဥပဒေ ဖြစ်တော့မလည်း။ အခြားအရေးကြီးတဲ့ နေရာတွေမှာ လည်း ဒီလိုပဲ ဖြစ်နေပါတယ်'' ဟု ဦးအောင်သောင်းက ဆက်လက်ပြော ပါသည်။ ''ဥပဒေကြမ်းမှာ ဖော်ပြ ထား တဲ့ အတိုင်းဆို ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌက ဗဟိုဘဏ်လုပ်ငန်း၊ စီးပွားရေးပညာရပ်၊ ငွေကြေးနဲ့ ဘဏ်လုပ်ငန်း၊ ဥပဒေ  ပညာရပ်၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွေမှာ အတွေ့အကြုံနဲ့ ဗဟုသုတ ကြွယ်ဝရ မယ်လို့ ပါတယ်။ ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌက ဗဟုသုတရှိယုံနဲ့ မရပါဘူး။ ပညာရှင်ဖြစ် ရပါမယ်။ တရုတ်လိုနိုင်ငံမှာတောင်မှ ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌက အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ် လို နေရာမျိုးတွေမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ဖူးတဲ့အပြင် ကမ္ဘာကျော်တက္ကသိုလ်တွေက စီးပွားရေး ဘွဲ့ ရတွေပါ။

ဥပမာဗျာ - တပ်ကနေ အငြိမ်းစားယူလာတဲ့ မိုးကျရွှေကိုကို ဗဟိုဘဏ်အတွေ့အကြုံ လေး၊ ငါးနှစ်ရှိယုံနဲ့ နေရာပေးလို့  ရမလား။ နှစ်ပေါင်းများစွာ လုပ်လာလို့ အဆင့်ဆင့်တက်လာတဲ့သူဆို တစ်မျိုးပေါ့။ ဒီရာထူးနေ ရာတွေက ရိုးသားဖြောင့်မတ်ဖို့ လိုအပ်တဲ့အပြင် ဘဏ်လုပ်ငန်းအတွေ့အကြုံ၊ စီးပွားရေး ပညာ ရှင်ဖြစ်ပြီး စီးပွားရေးအသိုက်အ၀န်းအားလုံးက အထူးတလည် ဂရုပြုရတဲ့သူဖြစ်ဖို့လည်း လိုပါတယ်'' ဟု အမျိုးသား စီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီအဖွဲ့ဝင် ဦးသန်းလွင်က ပြောကြားခဲ့ပါသည်။ဗဟိုဘဏ် အနေဖြင့် ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေးတည်ငြိမ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်နှစ် လျင် ၂ ကြိမ် အစိုးရအဖွဲ့သို့ တင်ပြရမည်ဖြစ်ပြီး အစိုးရမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်နှင့် ဘဏ္ဍာရေး အခွန်ဝန်ကြီးဋ္ဌာနသို့ ပေးပို့တင်ပြရမည်ဖြစ်သည်။

အလားတူပင် လက်ရှိလုပ်ကိုင်နေသည့် နှစ်အတွင်း ဖြစ်ပေါ်နေသည့် ငွေကြေးဆိုင်ရာ သတင်း အချက် အလက် များအား ပြည်သူများသိရှိစေရန် သုံးလတစ်ကြိမ် ထုတ်ပြန်ရမည်ဖြစ်ကြောင်းလည်း ဥပဒေကြမ်းပါ အချက်များ အရ သိရှိရပါသည်။ဗဟိုဘဏ်၏ တားမြစ်ချက်အခန်းတွင်မူ ဘဏ်အဖွဲ့ဝင်၊ ၀န်ထမ်း၊ ကိုယ်စား လှယ် စသူများအနေဖြင့် ငွေကြေးဆိုင်ရာ အချက်အလက်များအား ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ ပြောဆိုခြင်း၊ စစ်ဆေးစေခြင်း၊ ကြေငြာခြင်း မပြုလုပ်ရန် ကန့်သတ်ထားပြီး တားမြစ်ချက်အား ဖောက်ဖျက် ပါက ငွေဒဏ်၊ ထောင်ဒဏ် သို့မဟုတ် ဒဏ် ၂ ရပ်လုံးအား ချမှတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထား ပါသည်။''ဒီလို သတင်းအချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲပြောရင် ထောင်ဒဏ်၊ ငွေဒဏ် ကျခံရမယ် ဆိုတာက အရင်ဗဟိုဘဏ် ဥပဒေမှာလည်း မပါပါဘူး။

ဝန်ထမ်းတွေအနေနဲ့လည်း ပိုတင်းကျပ်တဲ့ ဥပဒေ ဖြစ်နေပါတယ်။ အရင်ဥပဒေတုန်းကဆို ငွေစက္ကူဖျက်ဆီးတာ၊ အတုလုပ်တာမျိုးလို ပြစ်မှုတွေအတွက်ပဲ ငွေဒဏ်၊ ထောင်ဒဏ်ပါခဲ့တာ။ ဒီမိုကရေစီခေတ်ကျမှပဲ ပိုတင်းကျပ်သလို ဖြစ်နေတယ်။ တခြားနိုင်ငံတွေရဲ့ ဘဏ်ဥပဒေမှာလည်း ဒီလိုပါတာ မတွေ့ဖူးဘူး'' ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဋ္ဌာန၊ အကြံပေး-၂ ဦးသန်းလွင်က ပြောပါသည်။ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားသုံး သီးသန့်ငွေအား ထိန်းသိမ်းနိုင်ရန်နှင့် စီမံခန့်ခွဲရန်အတွက် နိုင်ငံတော်၏ အပြည်ပြည်ဆိုင်ရာ အပေးအယူပြုလုပ်မှုများနှင့် လုံလောက်သည့် အနေအထားရှိအောင် ထိန်းသိမ်းထားနိုင်ရန်လိုအပ်ပြီး အဆိုပါအခြေအနေအား ဖော်ဆောင်နိုင်မှုမရှိပါက ပြန်လည်ကုစားနိုင်သည့် အစီရင်ခံစာအား အစိုးရထံ တင်ပြဆောင်ရွက်ရမည်ဖြစ်ကာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိပါက အစိုးရထံ သုံးလထက်မကျော်လွန်စေဘဲ တင်ပြရမည် ဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် အထွေထွေ သီးသန့်ငွေအား အမြတ်ငွေ၏ ၄၀ ရာခိုင်နှုန်းဖြင့် နှစ်စဉ် ထူထောင် ရမည်ဖြစ်ပြီး ဘဏ္ဍာနှစ် တစ်နှစ်အတွင်း အရှုံးပေါ်မှုများအား ယင်းငွေမှ ခုနှိမ်ရမည်ဖြစ်ကာ၊ ရွှေ၊ အထူးထုတ်ယူခွင့်များ၊ နိုင်ငံခြားငွေကြေးများနှင့် အပြည်ပြည်ဆိုင်ရာ ငွေစာရင်းယူနစ်များ၊ နိုင်ငံခြား ငွေကြေး များ၏ တန်ဖိုးသတ်မှတ်ချက်အရ ပြောင်းလဲမှုများအတွက် အထူးသီးသန့်ငွေ စာရင်း တစ်ရပ် ကိုလည်း ထူထောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။''ဥပဒေကြမ်းမှာတော့ လိုအပ်ချက်တွေ တွေ့နေရ တယ်။ ဒါပေမဲ့ ဒီလိုအပ်ချက်တွေကို နည်းဥပဒေထွက်လာရင် ပြင်ဆင်နိုင်ဖို့ လိုပါတယ်။ ဥပမာ-ပြည်တွင်း၊ ပြည်ပ ဘဏ်တွေကို ငွေထုတ်ချေးမယ်ဆိုတာက သင့်တော်တဲ့အချက် ဆိုပေမဲ့၊ ဗဟိုဘဏ်ရဲ့ဘဏ်ခွဲကို ပြည်ပ မှာ ဖွင့်နိုင်မယ်ဆိုတဲ့ အချက်မျိုးက ဘယ်နိုင်ငံမှာမှ မရှိဘူး။ 

ဗဟိုဘဏ်ရဲ့ရုံးခွဲကို ပြည်ပမှာ ကိုယ်စားလှယ်ဖွင့်တာရှိပေမဲ့ ပြည်ပမှာ မလိုအပ်ဘဲ ဘဏ်ခွဲဖွင့်ထားတော့ ဘယ်သူ့အတွက် အကျိုးရှိမှာလည်း'' ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ ဒုဥက္ကဋ္ဌတစ်ဦးက ပြောကြားခဲ့ပါသည်။လက်ရှိပြဋ္ဌာန်းခဲ့သည့် ဥပဒေကြမ်းတွင် ဖြည့်စွက်ရန်နှင့် နှုတ်ပယ်ရန်အချက်များ ရှိနေကြောင်းလည်း ပထမပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌ ဦးစိန်မောင်က ပြောကြားခဲ့ပါသည်။''အခန်း၂ အပိုဒ် ၅ က ဈေးနှုန်း တည်ငြိမ်ရေး မှာ ငွေရေးကြေးရေး ဖြည့်သင့်တယ်။ အပိုဒ် ၆ (ဂ) မှာဆိုရင် အလုပ်အ ကိုင်များ ရရှိရေးဆို တာ လည်း ဖြည့်သင့်တယ်။

အခန်း ၈ (က) ကိုဆိုရင် ငွေရေးကြေးရေးတည်ငြိမ်မှု မူဝါဒလို့ ပြင်သင့်ပြီး၊ ဘဏ်တွေရဲ့ သီးသန့်ရန်ပုံငွေမှာ ၃၀% ကျော်မှ အတိုးပေးမယ်ဆိုတာက အပ်ငွေအတိုးနဲ့ရပ်တည်တဲ့ ဘဏ်တွေအတွက် ထိခိုက်နိုင်လို့ သီးသန့်ငွေများကို လိုအပ်သလို အတိုးပေးရမယ်ဆိုတဲ့အချက်မျိုး ဖြည့်စွက်သင့်သလို အခြားအချက်တွေ လည်း ရှိပါသေးတယ်'' ဟု ဦးစိန်မောင်က သုံးသပ်ပြောကြားခဲ့ပါသည်။ဗဟိုဘဏ် ဥပဒေကြမ်း တွင်ပါ ၀င်သည့် ပုဒ်မ ၇ ၏ 'ဗဟိုဘဏ်တစ်ခုအား အပ်နှင်းလေ့ရှိသည့် လုပ်ပိုင်ခွင့်အား လုံးကိုရရှိ၍ ယင်းလုပ်ပိုင် ခွင့်များကို မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၏ စွက်ဖက်မှုကင်းရှင်းစွာဖြင့် လုပ်ကိုင်နိုင် သည်ဆို သည့် အချက်မှာလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တွဲဖက်လုပ်ကိုင်နိုင်မှု ရှိမရှိ မေးခွန်းထုတ် စရာ ဖြစ်လာကြောင်းလည်း ဦးစိန်မောင်က သုံးသပ်ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်