တောင်တက် ကားများအား ငွေကြေးတောင်းခံ ခဲ့သည့်ကိစ္စနှင့် ပတ်သက် ၍ ကျိုက်ထီးရိုး ဘုရား ဂေါပက အဖွဲ့နှင့် တောင်တက်ကား အသင်း တာဝန်ရှိ သူတို့အား KNU မှ တာဝန်ရှိ သူများက ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် လာရောက်ဆွေးနွေး ရှင်းလင်းခဲ့ကြောင်း ဂေါပက ဥက္ကဋ္ဌ ဦးစံမြင့်၏ ပြောကြားချက် အရ သိရသည်။
KNU တာဝန်ရှိသူများ လာရောက်ရှင်းလင်း ညှိနှိုင်းဆွေးနွေးခြင်းမှာ ဖြစ်ပွားခဲ့သောကိစ္စနှင့် ပတ်သက် ၍ နောက်နောင်မဖြစ်ပွားစေရန် ထိန်းသိမ်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကို အဓိကထား ပြော ကြားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ KNU တပ်ဖွဲ့ဝင်များသည် တောင်တက်ယာဉ် တစ်စီးလျင် ငါးသိန်းကျပ်ဖြင့် အစီးနှစ်ရာအတွက် ကျပ်သိန်းတစ်ထောင် ပေးရမည်ဖြစ်ပြီး မပေးဆောင်နိုင်သည့်အတွက် ကင်ပွန်းစခန်းတွင် ၁၀ မိနစ်ခန့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းနှင့် ယာဉ်ပိုင်ရှင်များမှလည်း ဒီဇင်ဘာလ ၂၁ ရက်နေ့ နောက်ဆုံး ထား ပေးဆောင်ရမည်ဖြစ်ကြောင်း ကနဦးသတင်းများ ထွက်ပေါ်ခဲ့သည်။
ယင်းသို့ ဖြစ်ပွားခဲ့သည့် ညတွင် KNU တပ်ဖွဲ့ဝင်များ ပိုက်ဆံများ တောင်းသွားသည်မှာ မဟုတ်ကြောင်း၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ နောက်ဆုံးထားပေးဆောင်ရမည်ဟု ပြောကြားခဲ့ခြင်းမှာ မှန်ကန်ကြောင်း တောင် တက်ကားအသင်း ဥက္ကဋ္ဌ ဦးဝီတင်က ပြောကြားသည်။
ထိုသို့ဖြတ်သန်းသွားမှု ပြုလုပ်ခဲ့သော တပ်ဖွဲ့ဝင်မှာ ၈ ဦးဖြစ်ပြီး၊ ၎င်းအား KNU ဗဟိုသို့ တင်ပြထားပြီး မည်သို့အရေးယူ ဆောင်ရွက်မည်ကို မသိရသေးကြောင်း မိမိတို့အား ပြောကြားခဲ့သည်ဟု ဦးဝီတင်က ဆိုသည်။ လာရောက်တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုအား KNU ဘက်မှ ဆက်ဆံရေးရုံးတာဝန်ခံ ဦးအောင်သောင်း သိန်း၊ KNU တပ်မဟာ (၁) တပ်ခွဲမှူးအဆင့်ရှိ ဗိုလ်ကြီးမောင်စိန်၊ အခြားအဆင့် တစ်ဦးနှင့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။
Eleven Media Group
0 comments:
Post a Comment