Friday, February 08, 2013

စာရွက်စာတမ်း အတု ပြုလုပ်၍ အိမ်များ ဝယ်ယူခဲ့သည့် တရားခံ များအား တရုတ် ရဲတပ်ဖွဲ့ ဖမ်းဆီး

Posted by drmyochit Friday, February 08, 2013, under | No comments

ပေကျင်း ဖေဖော်ဝါရီ ၇ 

တရုတ် နိုင်ငံ တောင်ပိုင်း လူဖန်းမြို့တွင် သက်သေခံ စာရွက်စာတမ်း အထောက် အထားများ အတု ပြုလုပ်၍ အိမ်ခြေပေါင်း ၁၉၂ လုံးကို ဝယ်ယူခဲ့သည့် ရဲအရာရှိဟောင်း တစ်ဦးကို တာဝန်ရှိသူ များက ဖမ်းဆီးခဲ့ကြောင်း အင်တာနက် သတင်း အရ သိရသည်။ 

ရဲအရာရှိဟောင်း တစ်ဦး ဖြစ်သည့်အပြင် ဒေသဆိုင်ရာ ကွန်မြူနစ် ပါတီ၏ အဆင့်မြင့် ခေါင်းဆောင် ဖြစ်သူ ဇောင်ဟေဘင်သည် ကုမ္ပဏီ နာမည် အတုနှင့် သက်သေခံ အထောက် အထား အတုများ ပြုလုပ်၍ သာမက ၎င်း၏ အစ်ကို နာမည်နှင့် အဆိုပါ အိမ်များကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ 

လူဖန်းမြို့ ရဲတပ်ဖွဲ့ ဒုတိယ အကြီး အကဲဟောင်း ဇောင်ဟေဘင်သည် အကျင့်ပျက် ခြစားခဲ့သူ တစ်ဦး အဖြစ် အွန်လိုင်းပေါ်တွင် ဖော်ပြခြင်း ခံခဲ့ရသည်ဟု ဘီဘီစီ သတင်း ဌာနက ထုတ်ပြန်ခဲ့သည်။ 

ဇောင်ဟေဘင်၏ မသမာ မှုသည် ၂ဝ၁၁ ခုနှစ်က ရဲအရာရှိ တစ်ဦးနှင့် အငြင်းပွား ခဲ့သည့် စီးပွားရေး သမား တစ်ဦးက သတင်း ပေးပြီးနောက် ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်ဟု ကွမ်းစု နေ့စဉ် သတင်းစာတွင် ဖော်ပြ ခဲ့ပြီး ၎င်း၏ အမှုအား စုံစမ်း စစ်ဆေးလျက် ရှိကြောင်း လူဖန်းမြို့ရှိ ကွန်မြူနစ် ပါတီ စည်းကမ်း ထိန်းသိမ်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ထို့ပြင် ပြီးခဲ့သည့် အပတ်တွင် ယွမ် တစ်ဘီလီယံ တန်ဖိုးရှိ အိမ်ခြေပေါင်း အလုံး ၄ဝ ကို သက်သေ အထောက်အထား အတုများ ပြုလုပ်၍ ဝယ်ယူခဲ့သည့် ယူလင်းမြို့ရှိ ကုန်သွယ်မှု ဘဏ်မှ ဒုတိယ ဥက္ကဋ္ဌ Gong Aiai အမည် ရှိသည့် အမျိုးသမီး တစ်ဦးကို ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီး ခဲ့ကြသည်။ 

ဖမ်းဆီး ခံခဲ့ရသော အမျိုးသမီးသည် ရုံး အထောက် အထားများနှင့် အစိုးရ တံဆိပ်ခေါင်း များကို အတု ပြုလုပ်၍ ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လိမ်လည်မှုတွင် ပါဝင်ခဲ့သော ရဲအရာရှိများ အပါအဝင် အခြား ခုနစ်ဦး ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့သည်ဟု သိရသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်