Wednesday, July 23, 2014

ရန်မာဆွန်တိုင်ဖုန်းကြောင့် ဗီယက်နမ်တွင် ၁၁ ဦး သေဆုံး၊ တရုတ်တွင် ၄၆ ဦးသေဆုံး

Posted by drmyochit Wednesday, July 23, 2014, under | No comments


ဘေဂျင်း၊ ဇူလိုင် ၂၂

ဆူပါတိုင်ဖုန်း ရန်မာဆွန်က အင်အားပြင်းထန်စွာ တိုက်ခတ်သွားခဲ့ပြီး မုန်တိုင်းနောက်ဆက်တွဲ မိုးကြီးရေလျှံခြင်း၊ မြေပြိုခြင်းများကြောင့် ဗီယက်နမ်နိုင်ငံတွင် သေဆုံးသူ ၁၁ ဦး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် သေဆုံးသူ ၄၆ ဦး ရှိသွားပြီ ဖြစ်ကြောင်း မုန်တိုင်း နောက်ဆက်တွဲ သတင်းများအရ BBC သတင်းတွင် ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုများနှင့် ရေလွှမ်းမိုးမှုများကြောင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပျောက်ဆုံးနေသူများလည်း ရှိသည်ဟု အမျိုးသားသတင်းစာ Vietnam News က ရေးသားဖော်ပြထားသည်။

တရုတ်တွင်လည်း လူ ၄၆ ဦး သေဆုံးသကဲ့သို့ ၂၅ ဦးလည်း ပျောက်ဆုံးလျက် ရှိနေသည်ဟု တရုတ်ပြည်သူ့ရေးရာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

တောင်တရုတ်ပင်လယ်၌ ဆယ်စုနှစ်လေးခုအတွင်း အပြင်းထန်ဆုံး တိုင်ဖုန်းအဖြစ် တိုက်ခတ်ခဲ့သော ရမ်မာဆွန်ကြောင့် မိုးသက်လေပြင်းများ တရုတ်တောင်ပိုင်းပြည်နယ်များတွင် ဖြစ်ပွားခဲ့ကာ လူဆယ်သန်းခန့် မုန်တိုင်းဒဏ်ကို အပြင်းအထန် ခံစားခဲ့ကြရသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း တိုင်ဖုန်းမုန်တိုင်းသည် ဖိလစ်ပိုင်ကို ဖြတ်သန်းသွားခဲ့ပြီး လူ ၉၄ ဦး သေဆုံးသွားခဲ့ကာ တောင်တရုတ်ပင်လယ် ဟိုင်နန်ကျွန်းဆီသို့ ဦးတည်သွားခဲ့ခြင်း ဖြစ်သည်။
ဗီယက်နမ် ပြည်တွင်းမီဒီယာများ၌ လမ်းမများ၊ မြို့များတွင် ရွှံ့နွှံများ၊ ရေများ ဖုံးလွှမ်းနေသည့် သတင်းဓာတ်ပုံများကို ဖော်ပြထားပြီး ဘေးဒုက္ခသင့်ပြည်သူများ ဖြစ်ကတတ်ဆန်း ယာယီတဲများဖြင့် နေထိုင်နေကြရပုံကို ပြထားသေးသည်။

ရာပေါင်းများစွာ ဟက်တာဧကနှင့် ချီသည့် ဆန်နှင့် ကောက်ပဲသီးနှံခင်းများ ပျက်စီးခဲ့သည်ကိုလည်း သတင်းများက ဖော်ပြထားပြီး ဗီယက်နမ် မြစ်ကြီးများတွင် မြစ်ရေမျက်နှာပြင်ကလည်း စံချိန်တင် မြင့်တက်လျက်ရှိသည်။

တရုတ်အစိုးရမီဒီယာ Xinhua က စီးပွားရေးအရ ထိခိုက်နစ်နာရမှုများကိုပါ တွက်ချက် သတင်းထုတ်ပြန်ထားပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံဖိုးခန့် ဆုံးရှုံးနစ်နာခဲ့ရသည်ဟု ဆိုထားသည်။

တိုင်ဖုန်းမတ်မိုဟု အမည်ပေးထားသည့် နောက်ထပ် မုန်တိုင်းတစ်စင်းကလည်း ထိုင်ဝမ်နှင့် တရုတ်အရှေ့ပိုင်းကို ဦးတည်လာနေလျက် ရှိသည်။

မတ်မိုသည် လာမည့်ဗုဒ္ဓဟူးနေ့၌ ထိုင်ဝမ်သို့ ကျရောက်တိုက်ခတ်ဖွယ်ရှိပြီး ယခုနှစ်အတွင်း ထိုင်ဝမ်သို့ ဝင်ရောက်မည့် အပြင်းထန်ဆုံး မုန်တိုင်းအဖြစ် မှတ်တမ်းဝင်ဖွယ် ရှိသည်။


The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်