Wednesday, July 23, 2014

ငြိမ်းချမ်းရေးကို မလိုလားသော SSPP/SSA အဖွဲ့ တိုက်ပွဲများဖြစ်အောင် ဖန်တီးနေ

Posted by drmyochit Wednesday, July 23, 2014, under | No comments

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် အစိုးရတပ်နှင့် SSPP/SSA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများ စစ်ဘေးဒုက္ခသင့်ခဲ့သော်လည်း ၎င်းနယ်မြေတွင် SSPP/SSA အဖွဲ့မှ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာ၍ တိုက်ပွဲများဖြစ်ပွားမှာကို ဒေသခံများ စိုးရိမ်နေကြသည်။


အဆိုပါ မြို့နယ် ပန်စယ်ကျေးရွာအုပ်စု၊ ပန်စယ်ကျေးရွာအနီးရှိ ဟွေတဖန်တောင်ကုန်းတွင် ဇူလိုင် ၂၁ ရက်နေ့ မနက်ပိုင်းမှစ၍ SSPP/SSA အဖွဲ့များ လာရောက်နေထိုင်မှုကြောင့် ဒေသခံများ ထိတ်လန့်နေကြကြောင်း သိရသည်။

“ ၀မ်ဝပ်မှာ ရောက်နေတဲ့ ဒုက္ခသည်တွေ အိမ်မပြန်ရသေးဘူး၊ ၀မ်ဟိုင်းအဖွဲ့က ငါတို့ရွာနားက တောင်ကုန်းမှာ လာနေကြပြန်ပြီ၊ အစိုးရတပ်နဲ့တွေ့ရင် တိုက်ပွဲဖြစ်မှာ စိုးရိမ်တယ်၊ ငါတို့ပါ ရွာထဲမှာ မနေရဲဘဲ ထွက်ပြေးနေရ မှာ၊ သူတို့ကိုက ရန်ရှာနေတာ၊ တိုက်ပွဲဖြစ်အောင် လုပ်နေတာ ” ဟု ပန်စယ် ရွာသားတစ်ဦးက ပြောသည်။

SSPP/SSA အဖွဲ့ နေရာယူထားသော ဟွေတဖန်တောင်ကုန်းသည် ပန်စယ်ရွာနှင့် တစ်မိုင်ခန့်သာ ဝေးပြီး ယခင်က စခန်းဟောင်းဖြစ်ကြောင်း၊ ၎င်းစခန်းအား SSPP/SSA အဖွဲ့မှ ပြန်လည်နေထိုင်ကာ အစိုးရတပ်များ အား စိန်ခေါ်သည့် အသွင်ဆောင်နေ၍ ဖာဆောင်ကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားမှာကို ဒေသခံများ မလိုလား ကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားမှုနှင့်ပတ်သက်၍ လွှတ်တော်တွင် တင်သွင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က SSA (၀မ်ဟိုင်း)အဖွဲ့သည် ငြိမ်းချမ်းရေးသဘောတူညီမှုများထဲက သတ်မှတ် ထားသော နယ်မြေအား လက်နက်ကိုင်ဆောင် ကျော်လွန်သွားလာပါက နှစ်ဖက်ညှိနှိုင်းရန် ဟု ပါရှိကြောင်း၊ SSA (၀မ်ဟိုင်း)အဖွဲ့သည် ၎င်းတို့နယ်မြေမဟုတ်သော ဖာဆောင်စခန်းအား ကျူးကျော်နေထိုင်မှုကြောင့် ဖယ်ပေးရန် အစိုးရတပ်မှ အကြိမ်ကြိမ်သတိပေးခဲ့ကြောင်း၊ SSA (၀မ်ဟိုင်း)အဖွဲ့မှ လက်မခံသဖြင့် တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားထားခဲ့သည်။

SSPP/SSA အဖွဲ့မှ အရာရှိကြီးတစ်ဦးကလည်း “ ဒီနယ်မြေဟာ ကျွန်တော်တို့ နယ်မြေလေ၊ ရှမ်းပြည်နယ်ဟာ ကျွန်တော်တို့ ရှမ်းတွေရဲ့ နယ်မြေမဟုတ်ဘူးလား၊ ဘယ်နေရာမှာပဲနေနေရတယ်၊ အခု ကျွန်တော်တို့နေတဲ့ ဖာဆောင်စခန်းကို နယ်မြေကျူးကျော်တယ်ဆိုပြီး ဖယ်ခိုင်းတယ်၊ အဲ့ဒီကိစ္စကြောင့် တိုက်ပွဲဖြစ်ရတာ၊ ဒါလုံးဝ တရားမျှတမှု မရှိဘူး ” ဟု ပြောကြား သွားသည်။

အဆိုပါ မြို့နယ်အတွင်း အခြေအနေတင်းမာနေဆဲဖြစ် လွိုင်လင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက “ ငြိမ်းချမ်းရေးသဘောတူညီမှုတွေကို လိုက်နာတာ အကောင်းဆုံးပဲ၊ ပြဿနာကို အဲဒီနည်းနဲ့ပဲ ဖြေရှင်းနိုင်မှာ၊ SSPP/SSA အဖွဲက သဘောတူညီမှုတွေကို မလိုက်နာဘဲ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတာဟာ တိုက်ပွဲဖြစ်အောင် ဖန်တီးနေတာနဲ့အတူတူပါပဲ၊ အစိုးရတပ်တွေ နယ်မြေစိုးမိုးရေးလုပ်တဲ့နယ်မြေမှာ သူတို့ အဖွဲ့တွေ ဆက်ပြီးနေဦးမယ်ဆိုရင် တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမှာပဲ၊ SSPP/SSA အဖွဲ့ က ငြိမ်းချမ်းရေး သဘောတူညီမှု ကို ဖောက်ဖျက်တာဟာ ငြိမ်းချမ်းရေးကို မလိုလားတဲ့သဘော သက်ရောက်နေတယ် ” ဟု ပြောကြားသွားသည်။

စိုင်းဇော်ရှိုင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်