(၁၆)ကြိမ်မြောက်
စိန့်ပီတစဘတ်နိုင်ငံတကာဖိုရမ်အား ဇွန်လ ၂၁ ရက်နေ့က ရုရှားနိုင်ငံတွင် စတင်ကျင်းပခဲ့ပြီး
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်ဦးမော့လာစေရေးကိစ္စရပ်များနှင့်
ပတ်သက်၍ဆွေးနွေးခဲ့ကြကြောင်း Xinhua သတင်းတစ်ရပ်အရ သိရှိရပါသည်။ အဆိုပါအစည်းအဝေး၌ အလည်အပတ်ရောက်ရှိနေသော တရုတ်ကွန်မြူနစ်ပါတီ၏
ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဟီကျိုကျင်းတက်ရောက်၍မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်
စိန်ခေါ်မှုအားလုံးကိုဖြေရှင်းနိုင်ရေးအတွက် အခြားသောနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်
ဆန္ဒရှိပါကြောင်းနှင့် တရုတ်နှင့်ရုရှားနိုင်ငံတို့သည် အခြားသောနိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်မှုအား
အခွင့်အလမ်းတစ်ရပ်အဖြစ်မှတ်ယူသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ကြောင်းသိရှိရပါသည်။
ရုရှားနိုင်ငံအနေဖြင့်လည်းတည်ငြိမ်သောဖွံ့ဖြိုးတိုးတက်မှုကိုထိန်းသိမ်း နိုင်ငံ၏ဈေးကွက်အတွင်းပြိုင်ဆိုင်မှုများကို
အထောက်အကူဖြစ်စေမည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပါသည်။ အဆိုပါစီးပွားရေးပြုပြင်ပြောင်းလဲမှုများသည်
ရုရှားပြည်သူအားလုံးနှင့် စီးပွားရေးအဖွဲ့အစည်းများအတွက် လွန်စွာအရေးကြီးကြောင်းပူတင်က
ထပ်လောင်းပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ်တွင်ရင်းနှီးမြုပ်နှံမှုပမာဏအား
GDP ၏ ၂၇ ရာခိုင်နှုန်းတိုးမြင့်သွားမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံတွင် ပြည်ပတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုမှာ
အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံရှိပြီး ၂၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါဖိုရမ်သို့
ကမ္ဘာတစ်ဝှမ်းမှ ကိုယ်စားလှယ် ၅၀၀၀ ကျော်တက်ရောက်ခဲ့ကြကြောင်း၊ ၎င်းဖိုရမ်အား ၁၉၉၇ ခုနှစ်ကစတင်တည်ထောင်ခဲ့ကြောင်းနှင့်
နောက်ပိုင်းတွင်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကဲ့သို့သော ကိစ္စရပ်များကို ဆွေးနွေးသည့်ဖိုရမ်တစ်ရပ်ဖြစ်လာခဲ့ကြောင်းသိရှိရပါသည်။
0 comments:
Post a Comment