Wednesday, January 16, 2013

မြစ်ကြီးနား- မန္တလေး နှင့် နဘား- ကသာ မီးရထား လမ်းပိုင်း တို့၌ မိုင်းပေါက်ကွဲမှု ဖြစ်ပွား

နေပြည်တော် ဇန်နဝါရီ ၁၅

မြစ်ကြီးနား- မန္တလေး မီးရထား လမ်းပိုင်း နဘား ဘူတာနှင့် အင်းတော် ဘူတာကြား မိုင်တိုင် အမှတ် (၅၈၉) ရှိ ပေ ၁၆ဝ ရှည် တံတား အမှတ် (၄၃၆)နှင့် ၎င်းနှင့် ယှဉ်လျက် ရှိသည့် နဘား- ကသာလမ်း ပိုင်းမှ ပေ ၁၆ဝ ရှည် တံတား အမှတ် (1 BK) တို့၌ ယမန်နေ့ ည ၈ နာရီ ၇ မိနစ် ခန့်တွင် မိုင်းပေါက်ကွဲ ဖြစ်စဉ် နှစ်ခု တစ် ပြိုင်တည်း ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲ မှုကြောင့် တံတား အမှတ် (၄၃၆) တွင် ရေလယ်တိုင် အမှတ် (၂) ၏ အရှေ့ဘက် အောက်ခြေ အုတ်ကြမ်းခင်း တစ်ပေခွဲ ပတ်လည်၊ အနက်တစ်ပေ ပျက်စီးပြီး ရေလယ်တိုင်၏ အရှေ့ဘက် အောက်ခြေ အမြင့် ၂ ပေ ပတ်လည်၊ အနက် ၄ ပေ ၆ လက်မခန့် ပျက်စီး၍ ရေလယ်တိုင် အတွင်း သံချောင်းများ ပေါ်ခဲ့ပြီး တံတား သံပေါင် အနောက်ဘက်သို့ ၃ ပေခန့် ရွေ့ပြီး ဇလီဖားတုံး ၁၅ တုံးခန့် ပျက်စီး သွားခဲ့သည်။ ထို့အတူ တံတား အမှတ် (1 BK) ၏ ရေလယ်တိုင် အမှတ် (၂) အနောက် ခြမ်း၌ အမြင့် ၈ ပေ၊ အနံ ၂ ပေခွဲ ပျက်စီး၍ အောက်ခြေ အုတ်များ ပြိုကျခဲ့ပြီး ၄ ပေ အရှည် ရှိသော အက်ကြောင်းများ ဖြစ်ပေါ်ကာ တံတား သံပေါင် အရှေ့ဘက်သို့ ၃ ပေခန့် ရွေ့ပြီး ဇလီ ဖားတုံး ၆ဝ ခန့် ပျက်စီး သွားကြောင်း သိရှိရသည်။

အဆိုပါ ပျက်စီးမှု များအား မြန်မာ့ မီးရထား ဝန်ထမ်းများက ရထား လမ်းပိုင်းများ အမြန်ဆုံး ပြန်လည် ဖွင့်လှစ် နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ယနေ့ မွန်းလွဲ ၂နာရီခွဲတွင် တံတား အမှတ်(၄၃၆) ကို ပြုပြင် ပြီးစီးသဖြင့် မန္တလေး- မြစ်ကြီးနား လမ်းပိုင်း၌ ရထားများ ပုံမှန် သွားလာ နိုင်ပြီ ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီး ဌာနမှ သိရသည်။

KIO/ KIA အဖွဲ့ အနေဖြင့် မီးရထားလမ်း မိုင်းထောင် ဖျက်ဆီးမှု များကို အဆက်မပြတ် ပြုလုပ်လျက် ရှိရာ မြစ်ကြီးနား- မန္တလေး လမ်းပိုင်းတွင် (၅၆)ကြိမ်နှင့် မန္တလေး- လားရှိုးလမ်း ပိုင်းတွင် နှစ်ကြိမ်၊ နဘား-ကသာလမ်းတွင် တစ်ကြိမ် စုစုပေါင်း (၅၉) ကြိမ်ရှိ သွားပြီ ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်