Friday, January 18, 2013

ကမ်းလက်ကို လှမ်းဆက်ရန် သင့်ပြီ ( KIA သို့ပေးစာ)

Posted by drmyochit Friday, January 18, 2013, under | No comments



ကျွန်ုပ်တို့ ကမ္ဘာကြီးအား အရှည်သဖြင့် တည်တံ့စေပြီး ဖွံ့ဖြိုး သာယာ လှပစေဖို့ အတွက် အဓိက လိုအပ် ချက်သည် အိုင်တီ နည်းပညာများ မြင့်မား လာရေးထက် ငြိမ်းချမ်းရေးသည် ပဓာနကျ ပါသည်။ ငြိမ်းချမ်းမှု ရှိမှသာလျှင် လူသားတို့ ဘ၀မြင့်မား တိုးတက် နိုင်မည် ဖြစ်သည်။ ထို့ အတွက်ကြောင့်ပင် ကမ္ဘာမြေတွင် မှီတင်း နေထိုင် ကြကုန်သော လူသားတို့ အတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ် ၀ိုင်းဝန်း ကြိုးပမ်း တည်ဆောက် ကြရန် လိုအပ်ပေသည်။ ဤသည်ကိုလည်း ကျွန်ုပ်တို့ လူသားတိုင်းသည် နားလည် သဘောပေါက်ရန် အထူး လိုအပ် ပေသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ ကမ္ဘာကြီး ငြိမ်းချမ်းမှု အတွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ကောင်စီ၏ ချမှတ် ထားသော စည်းမျဉ်း ဥပဒေ နှင့် မူဝါဒများကို နိုင်ငံတကာ မှလည်း လိုက်နာကာ ဖော်ဆောင်လျက် ရှိကြသည်။ 

ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီး တို့တွင် ဒေသတွင်း မတူညီသော သဘောထား အမြင်များ ရှိကြသည်။ ထိုသို့ မတူညီသော သဘောထား အမြင်များအား နိုင်ငံရေး နည်းဖြင့် အေးချမ်းစွာ ဖြေရှင်း ဆောင်ရွက်ကြ သကဲ့သို့ နိုင်ငံရေး နည်းဖြင့် အေးချမ်းစွာ ဖြေရှင်း၍ မရသည့် အဆုံးတွင် စစ်ရေးအရ ဖြေရှင်းလျက် ငြိမ်းချမ်းရေး ကို ဖော်ဆောင်လျက် ရှိသည် ကိုလည်း ကျွန်ုပ်တို့ တွေ့မြင် နေရသည်။ မတူညီသော သဘောထား များရှိကြ သော်လည်း လူတိုင်းသည် မိမိ နိုင်ငံ၏ တည်ငြိမ် အေးချမ်းမှု နှင့် ဖွံ့ဖြိုး တိုးတက်ရေး ကို လိုလားကြသည့် ရည်ရွယ်ချက် သည် တူညီ နေကြသည်။ ထိုသို့ကြောင့်ပင် ယနေ့ ကမ္ဘာ့ နိုင်ငံ အသီးသီး တို့တွင် ဒေသတွင်း ငြိမ်းချမ်းရေး ကို တည်ဆောက် ရာတွင် မတူညီသော သဘောထား များအား ဖယ်ရှားကာ တူညီသော ရည်ရွယ်ချက်ကို ရှေ့တန်းတင်ကာ နိုင်ငံရေး နည်းဖြင့် အေးချမ်းစွာ ဖြေရှင်း နေကြသည်ကို တွေ့မြင် ရသည်မှာ ၀မ်းသာ ပီတ ဖြစ်စရာပင် ဖြစ်သည်။ သို့သော်လည်း အချို့သော အဖွဲ့အစည်း များသည် အတ္တကို ဦးစားပေး ရှေ့တန်းတင် ကြသောကြောင့် မည်သို့ပင် ငြိမ်းချမ်းရေး ကို ကမ်းလှမ်းပြီး အေးချမ်းသော နည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းစေကာမူ လက်မခံဘဲ ပြည်သူလူထု ၏ အသက် ၊ အိုးအိမ် ၊ စည်းစိမ်တို့ နှင့် နိုင်ငံတော်၏ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို နှောင့်ယှက် ဖျက်ဆီးနေသည် ကိုလည်း တွေ့မြင် ရသည်မှာ ၀မ်းနည်း ဖွယ်ရာပင် ဖြစ် သည်။ ဤသို့သော ငြိမ်းချမ်းရေးအား ဆန့်ကျင်သည့် လုပ်ရပ်ကို " အကြမ်းဖက်မှု _ Terrorize " ဟုခေါ်ဆိုသည်။ 

ထိုသို့ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ဆန့်ကျင်နေသော အကြမ်းဖက်မှု များကို ကမ္ဘာ့ နိုင်ငံ အသီးသီး မှလည်း လက်မခံ သကဲ့သို့ အကြမ်းဖက် မှုများအား ကာကွယ်ရန် အတွက်လည်း နိုင်ငံ အချင်းချင်း ပူးပေါင်းကာ စစ်ရေး လေ့ကျင့်ခြင်း နှင့် နှိမ်နင်း ဆောင်ရွက်လျက် ရှိသည်ကိုလည်း တွေ့မြင်ရမည် သာဖြစ်သည်။ ဥပမာ အာဖဂန်နစ္စတန် တွင်ရှိသော တာလီဘန် များ ၊ မာလီနိုင်ငံ တွင် ရှိသည့် အယ်လ်ကိုင်ဒါ များနှင့် ချိတ်ဆက်လျက် ရှိသည့် စစ်သွေးကြွ များစသည့် အကြမ်းဖက် အဖွဲ့အစည်း များကို ကမ္ဘာ့ နိုင်ငံ အသီးသီးတို့မှ စုပေါင်းကာ နှိမ်နင်း တိုက်ခိုက်နေ သကဲ့သို့ ပြည်သူ တစ်ရပ်လုံးမှ အကြမ်းဖက် အဖွဲ့အစည်းများ အဖြစ် သိမြင်ကာ ဆန့်ကျင်လျက် ရှိသည်ကိုလည်း တွေ့မြင် နိုင်သည်။ တစ်ချိန်က ကမ္ဘာ့ ငြိမ်းချမ်းရေးကို တုန်လှုပ် ခြောက်ခြား စေခဲ့သော အကြမ်းဖက် ခေါင်းဆောင် တစ်ဦးဖြစ်သော အိုစမာဘင် လာဒင် အား သုတ်သင် ချေမှုန်း ရာတွင် နိုင်ငံ အချင်းချင်း ပူးပေါင်း ဆောင်ရွက် ခဲ့ခြင်းကြောင့် အောင်မြင် မှုများ ရရှိခဲ့သည်။ 


ယခင်က ကမ္ဘာတစ်ဝန်းမှ အများသိ ကြသည့် အကြမ်းဖက် များဖြစ်သော တာလီဘန် ၊ အယ်လ်ကိုင်ဒါ ၊ ဆိုမာလီ ပင်လယ်ဓားပြ စသည် တို့ကိုသာ သိရှိ ကြသော်လည်း ယခုအခါတွင် မြန် မာ နိုင်ငံတွင် ကေအိုင်အေ ဟူသော လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက် လာကြောင်း သိနေကြပြီ ဖြစ်သည်။ KIA ဟူသော အဖွဲ့အစည်းကိုလည်း စစ်သွေးကြွ အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ကမ္ဘာ့နိုင်ငံ အသီးသီးမှ အသိအမှတ်ပြု ခဲ့ကြပြီး ဖြစ်သည်။ ယနေ့ KIA ဟူသော အကြမ်းဖက် အဖွဲ့အစည်း ၏ လုပ်ရပ် များကြောင့် ကမ္ဘာ့ အလယ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာသည် ညိုးနွမ်းလျက် ရှိနေပေသည်။ သို့သော်လည်း နိုင်ငံတော် အစိုးရ အနေဖြင့် KIA ဟူသော လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်း သည်လည်း မြန်မာ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမ များမှ လူမျိုးစု ဖြစ်သည့် အားလျော်စွာ သွေးချင်း စိတ်ထားဖြင့် ယနေ့တိုင် ငြိမ်းချမ်းရေး အတွက် ကမ်းလက်ကို လှမ်းကာ ကြိုနေမြဲ ဖြစ်သည်။ 


ယနေ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သည်လည်း ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် အလျှောက် ကမ္ဘာ့ ငြိမ်းချမ်းရေး ကို ဖော်ဆောင် ရာတွင်လည်း အားသွန် ခွန်စိုက် ကြိုးပမ်း ပါဝင် ဆောင်ရွက်လျက် ရှိသည်။ ထို့ကြောင့်ပင် နိုင်ငံတော်အား ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော် အဖြစ် တည်ဆောက်ရာတွင် အဓိက ဖြစ်သော ဒေသတွင်း ငြိမ်းချမ်းရေးအား ဖော်ဆောင်လျက် ရှိသည်။ ထိုသို့ ငြိမ်းချမ်းရေး ကို ဖော်ဆောင်ရာတွင် နိုင်ငံတော်၏ စစ်မှန်သော စေတနာကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ ရှိသည့်အနက် ၁၀ ဖွဲ့မှာ နိုင်ငံတော် အစိုးရ နှင့်အတူ လက်တွဲကာ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အတူတကွ ဆောင်ရွက် နေကြသည်ကို တွေ့မြင်ရသဖြင့် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး မှ ၀မ်းသာပီတိ ဖြစ်နေကြသည်။ သို့သော်လည်း KIA အဖွဲ့ တစ်ခုတည်းသာ ယနေ့တိုင်အောင် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နည်းတူ နိုင်ငံတော် အစိုးရ နှင့် ငြိမ်းချမ်းရေး မတည်ဆောက်ဘဲ တိုင်းရင်းသား ပြည်သူတို့၏ အသက် ၊ အိုးအိမ် ၊ စည်းစိမ် တို့အား ဖျက်ဆီး ကာ နိုင်ငံတော်၏ ဖွံ့ဖြိုးရေး လုပ်ငန်း များအား နှောင့်ယှက် နေသည် ကို တွေ့မြင် နေရ သည်မှာ ပြည်သူ တစ်ရပ်လုံးမှ ၀မ်းနည်း ဖွယ်ရာ အဖြစ် ခံစားလျက် ရှိပေသည်။

နိုင်ငံတော် အစိုးရမှ ယနေ့တိုင် အောင်လည်း KIA အား ငြိမ်းချမ်းရေး ကမ်းလှမ်း လျက်ရှိသကဲ့သို့ KIA မှလည်း နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး အတွက် ကမ်းလှမ်းသော လက်အား ပုတ်ချလျက် ရှိသည်။ ထို့အပြင် ယခင်က KIA သည် ၄င်းတို့ လက်နက်ကိုင် အင်အား တောင့်တင်းရေး အတွက် အရွယ်မရောက် သူ ယောက်ျား ၊ မိန်းကလေး များအား " ပြည်နယ် ကောင်းစားရေး " ဟု ဟစ်ကြွေးကာ အဓမ္မ လူသစ် စုဆောင်းခြင်း သာ လုပ်ဆောင် နေရာမှ ယခုအခါတွင် နိုင်ငံတော်မှ ကချင် ပြည်နယ် အတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမ များ၏ လူမှုဘ၀ မြင့်မားရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ဆောင် ထားသော လမ်းများ ၊ တံတားများ ၊ ဆက်သွယ်ရေး ရုံးများ ၊ လျှပ်စစ် တာဝါတိုင်များ ၊ မီးရထား နှင့် မီးရထား လမ်းများအား ဖျက်ဆီးလျက် ရှိသည်ကိုလည်း တွေ့မြင် ကြားသိ နေရသည်။ ထိုမှ တစ်ဆင့် တက်ကာ အပြစ်မဲ့ တိုင်းရင်းသား ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်း နှင့် တိုက်ပွဲတွင် ရှေ့မှ ထားကာ ခံကတုတ် သဖွယ် အသုံးပြုလျက် ရှိနေသည်။ KIA တို့၏ အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် ယခု အခါ ကချင်ပြည်နယ် ဒေသအချို့ တွင် ဒေသခံ တိုင်းရင်းသား များမှာ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း နှင့် အစာ ရိက္ခာ ပြတ်လပ်မှု တို့ဖြင့် အတိ ဒုက္ခ ရောက်လျက်က ရှိသည်။ ထို့အပြင် အပြစ်မဲ့ ခရီးသွား ပြည်သူတို့အား နေ့စဉ် သတ်ဖြတ်လျက် ရှိနေသည် ကိုလည်း တွေ့မြင် နေရသည်။ မကြာသေးမီ ဇန်န၀ါရီ ၁၀ ရက်နေ့ နှင့် ၁၄ ရက်နေ့ တို့တွင် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ တို့၏ မိုင်းထောင်ခြင်း ၊ လက်နက်ငယ် ဖြင့် ပစ်ခတ်ခြင်း တို့ကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။




ကချင်ပြည်နယ် ဒေသအချို့တွင် ဤကဲ့သို့ အစာ ရိက္ခာ ပြတ်လပ် ခြင်းသည် တိုင်းရင်းသား ပြည်သူ များသာမ က KIA အကြမ်းဖက် အဖွဲ့တွင်လည်း ခံစားရလျက် ရှိကြောင်း နှင့် KIA အဖွဲ့ အတွင်း နိုင်ငံတော် အစိုးရ နှင့် ငြိမ်းချမ်းရေး အတွက် ပြုလုပ်သင့် - မသင့် သဘောထား ကွဲလွဲမှု များလည်း ရှိကြောင်း သိရှိရသည်။ ထို့ကြောင့် KIA အကြမ်းဖက်က အဖွဲ့ အတွင်း အောက်ခြေမှ အဖွဲ့ငယ်များ သည် နိုင်ငံတော် ၏ စစ်မှန်သော စေတနာအား သိရှိ နားလည်ကာ တဖွဲဖွဲ လက်နက်ချ အလင်းဝင် လာကြ သည်ကို လည်း တွေ့မြင် နိုင်ပေသည်။




KIA မှ လက်နက်ချ အလင်းဝင်ရောက်မှုများ 




တိုင်းရင်းသား ပြည်သူလူထု ၏အသက် ၊ အိုးအိမ် ၊ စည်းစိမ် နှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး အတွက် အစဉ် စောင့်ရှောက်ရန် တာဝန်ရှိသော ပြည်သူ့ တပ်မတော်သည် မလွဲမရှောင် သာသည့် အခြေအနေတွင် အကြမ်းဖက် အဖွဲ့အစည်း ဖြစ်သော KIA တို့အား ပြန်လည် ထိုးစစ်ဆင် ခဲ့သည်။ တပ်မတော်မှ အကြမ်းဖက် KIA တို့အား ပြန်လည် ထိုးစစ်ဆင်နွှဲ ရာတွင် အိမ်နီးချင်း တရုတ် နိုင်ငံနှင့် ပူးပေါင်းကာ ၄င်းတို့အား လေကြောင်းဖြင့် တိုက်ခိုက် ပါသည်ဟု အသံကျယ်ကျယ် ဖြင့် ဟစ်ကြွေး နေသည်ကိုလည်း ကြားသိ နေရသည်။ ထို့အပြင် ဂျီနီဗာ ကွန်ဗင်းရှင်း အရ ပြည်တွင်း စစ်ပွဲတွင် လေကြောင်း အသုံးပြု တိုက်ခိုက်ခြင်း မပြုနိုင်ကြောင်း ကိုလည်း အကြမ်းဖက် သမားတို့၏ ထုံးစံ အတိုင်း ထပ်ခါ တလဲလဲ အော်ဟစ် နေသံ ကိုလည်း ကြားနေရသည်။ သူခိုးက လူကို ပြန်ဟစ်နေသည် ဟုပင် ဆိုရမည် ဖြစ်သည်။ 


ဂျီနီဗာ ကွန်ဗင်းရှင်းတွင် ပြည်တွင်း အကြမ်းဖက် နှိမ်နင်းမှုတွင် လေကြောင်း အသုံးပြု တိုက်ခိုက်ခြင်း မပြုရဟု မပါရှိပါ။ ဤသည်ကို KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်းမှ သိပါလေစွ။ သိချင်လည်း သိပါမည် ၊ မသိချင် ယောင်ဆောင်ကာ သူတော်ကောင်း ဟန်ဆောင်၍ ဟစ်ကြွေး နေခြင်းပင် ဖြစ်ပေ လိမ့်မည်။ ကမ္ဘာ့ နိုင်ငံ အတော်များများသို့ ပြန့်နှံ့ လျက်ရှိသော အကြမ်းဖက် စစ်သွေးကြွ များဖြစ်သော တာလီဘန်များ ၊ အယ်လ်ကိုင်ဒါ များ စသည့် အကြမ်းဖက် သူများအား နှိမ်နင်း ရာတွင် နိုင်ငံတကာ ပူးပေါင်းလျက် လေကြောင်းဖြင့် တိုက်ခိုက် ချေမှုန်းလျက် ရှိသည်။ မာလီ နိုင်ငံတွင်းရှိ အယ်လ်ကိုင်ဒါ စစ်သွေးကြွ အကြမ်းဖက် များအား မာလီ အစိုးရ၏ အကူအညီ တောင်းဆို မှုကြောင့် ပြင်သစ် တပ်ဖွဲ့ဝင် များသည် ကွန်နာမြို့ တွင်းရှိ စစ်သွေးကြွာ အကြမ်းဖက် သမားများအား ဇန်န၀ါရီ ၁၁ ရက်နေ့တွငအ် လေကြောင်းမှ တိုက်ခိုက် ခဲ့သည်။ အကယ်၍ တပ်မတော်မှ KIA တို့အား လေကြောင်းမှ တိုက်ခိုက် ခဲ့သည် ဆိုသည့်တိုင် ဂျီနီဗာ ကွန်ဗင်းရှင်းအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မဆိုနိုင်ပါ။ ယနေ့ ကမ္ဘာ့ နိုင်ငံများ နည်းတူ အကြမ်းဖက် သမားများအား နှိမ်နင်း ခြင်း သာ ဖြစ် သည်။ နိုင်ငံတိုင်းတွင် ဒေသတွင်း အေးချမ်းမှု ရရှိစေရေး အတွက် အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ဟူသည့် အထူး လေ့ကျင့် ပေးထားသော လက်နက်ကိုင် အဖွဲ့အစည်းများ ရှိသည်။ ထို အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့သည် လိုအပ်ပါက လေကြောင်းမှ ပစ်ကူပေး တိုက်ခိုက်ရန် အတွက်လည်း အထူး လေ့ကျင့် ပေး ထားကြသည်။ ဤသည်ကို KIA မှအပ နိုင်ငံတကာ မှလည်း လက်ခံသည်။ ထို့ကြောင့်ပင် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ တို့၏ သူတော်ကောင်း ဟန်ဆောင်ကာ ဟစ်ကြွေးနေသော အသံတို့အား မြန်မာ ပြည်သူ တစ်ရပ်လုံး သာမက နိုင်ငံ တကာမှလည်း နားပိတ်ကာ ကျောခိုင်းလျက် ရှိနေခြင်း ပင် ဖြစ်သည်။ 


အချုပ်အားဖြင့် ဆိုရသော် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ တို့သည် နိုင်ငံတကာ နည်းတူ မိမိနိုင်ငံ တွင်လည်း မတူညီသော သဘောထား များအား ဖယ်ရှားလျက် မိမိနိုင်ငံတော် ဖွံ့ဖြိုး တိုးတက် ရမည် ဟူသော တူညီသော ရည်မှန်းချက် တို့အား ရှေ့တန်းတင်ကာ တိုင်းရင်းသား သွေး ချင်းများ ဖြစ်သည့် အားလျော်စွာ ငြိမ်းချမ်းရေး အား ဆွေးနွေး သင့်ပေသည်။ ထို့အပြင် ယနေ့ KIA ၏ လုပ်ရပ်များ ဖြစ်သော စစ်ဆင်ရေး နှင့် မသက်ဆိုင်သည့် လမ်းများ ၊ တံတားများ ၊ လျှပ်စစ် တာဝါတိုင်များ ၊ ပြည်သူလူထု စီးနင်း လိုက်ပါလာသော မီးရထား များ စသည်တို့အား ဖောက်ခွဲ ဖျက်ဆီးခြင်း နှင့် ပြည်သူ လူထု၏ အသက် ၊ အိုးအိမ် ၊ စည်းစိမ် တို့အား ဖျက်ဆီးနေသော မိမိတို့၏ အကြမ်းဖက် လုပ်ရပ် များအား မြန်မာ ပြည်သူ တစ်ရပ်လုံး သာမက ကမ္ဘာ့ နိုင်ငံ အသီးသီးမှပင် လက်ခံမည် မဟုတ်သည်ကို သိရှိ နားလည်ရန် လိုအပ်ပေသည်။ 


သို့ဖြစ်၍ အင်အား ချိနဲ့ နေပြီဖြစ်သော KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ များအနေဖြင့် အကြမ်းဖက် လုပ်ရပ်များ အားရပ်တန့်ကာ မိမိလူမျိုး ၊ မိမိတို့၏ ပြည်နယ်အား အခြား ပြည်နယ်များ နှင့် တိုင်းဒေသကြီး များနည်းတူ အေးချမ်း သာယာပြီး ဖွံ့ဖြိုး တိုးတက်မှု ကို ရယူရန်အတွက် နိုင်ငံတော်မှ ကမ်းလှမ်း လျက်ရှိသော ငြိမ်းချမ်းရေး လက်အား လှမ်းဆက်ရန် သင့်ပြီ ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။ 


KIA မှ ဖောက်ခွဲ ဖျက်ဆီးမှုများ




မောင်မောင်လွင်(ရွှေဘိုသား)


အပေါ် (၂) ပုံကတော့ ကေအိုင်အေက ခရီးသွားရထားတစ်စီးကို ကလေးကစားစရာ အရုပ်တစ်ရုပ်လို ဖျက်ဆီး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်