Friday, January 18, 2013

အောက်ခြေညီလာခံ ကိုယ်စားလှယ်ရွေးတာ မကျေနပ်တဲ့ NLD ပါတီဝင်တွေ ဆန္ဒပြ

မအူပင်မြို့နယ်မှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကကျင်းပတဲ့ NLD ပါတီညီလာခံတွင် ပါတီဝင်တွေက ကော်မရှင် ကိုယ်စားလှယ်ရွေးတာ ဒီမိုကရေစီနည်းလမ်းမကျဘူးဆိုပြီး မအူပင် NLD ရုံးအရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြစဉ်
Photo: RFA/Kyaw Zawe Win
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် မြို့နယ်မှာ ညီလာခံ ကိုယ်စားလှယ်ရွေးတာ ဒီမိုကရေစီ နည်းလမ်း မကျဘူး ဆိုပြီး ဒီကနေ့ ကျင်းပမယ့် NLD ပါတီညီလာခံနေ့ မှာ ဒေသခံပါတီဝင် အင်အားငါးရာကျော်ဟာ မနက် ၉နာရီကနေ ၁၂နာရီအထိ မြို့နယ်ပါတီရုံးခန်းရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။



အဲဒီ့ဆန္ဒပြပွဲမှာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ကော်မရှင်အလိုမရှိ၊ ဗဟိုဦးစီးစနစ်လုပ်ရန် အလိုမရှိ၊ မအူပင် NLD ပါတီကို ချစ်တယ်၊ ယုံကြည်တယ်၊ အမေ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တယ်၊ ယုံကြည်တယ် စတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး မအူပင်ခရိုင် မြို့နယ်လုံးဆိုင်ရာ NLD ပါတီညီလာခံကျင်းပမယ့်နေ့မှာ အခုလိုဆန္ဒပြကြတာပါ။

အခုလို ဆန္ဒပြပွဲပြုလုပ်ရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာပါဝင်တဲ့ NLD ပါတီဝင် ကိုနေမျိုးက RFA ကို အခုလို ပြောပါတယ်။

"ဒီညီလာခံကြီးဖြစ်ဖို့အတွက် နှစ်ပေါင်း ၂၀ကျော် ကျနော်တို့ စောင့်စားခဲ့ရတယ်၊ အမှန်တော့ ဒီပါတီညီလာခံဆိုတာဟာ ပါတီဝင်တွေအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဝမ်းပန်းတသာတက်ရောက်ရမယ့်ပွဲပေါ့၊ ဒီပွဲမှာဘာကြောင့် ဆန္ဒဖော်ထုတ်ပွဲတွေဖြစ်လာလဲ ရပ်ကျေးကနေစပြီး ကော်မရှင်ဖွဲ့တာတွေ ညီလာခံကိုယ်စားလှယ်လောင်း ရွေးချယ်တာတွေက တရားမျှတမှုမရှိပဲနဲ့ ထိပ်ပုတ်ခေါင်းပုတ်ရတဲ့လူ ကိုယ့်လူကိုကိုယ်ဆွဲထည့်ပြီး လုပ်သွားတယ်၊ မမျှတဘူး၊ မမျှတတဲ့အတွက်ကြောင့် ဒီဆန္ဒဖော်ထုတ်မှုတွေ ပေါ်ပေါက်လာတယ်"

ဒီကနေ့ ဆန္ဒပြပွဲဟာ တရားဝင်ခွင့်ပြုချက်ရရှိလို့ ဆန္ဒပြတာဖြစ်ပြီး တရားဝင်ဆန္ဒပြခွင့်မှာ လူဦးရေ ၂၅၀သတ်မှတ်ထားပေမယ့် တကယ်တမ်းဆန္ဒပြပွဲမှာ လူဦးရေ ၅၀၀ကျော် ပါဝင်ခဲ့ပါတယ်။

မအူပင်မြို့နယ် NLD ပါတီညီလာခံကျင်းပတာကို ဒီမိုကရေစီနည်းလမ်းကျကျ ကျင်းပပေးဖို့အတွက် ဆန္ဒထုတ်ဖော်တာဟာ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဒီဇင်ဘာလအတွင်းက တစ်ကြိမ်ဆန္ဒပြခဲ့ကြပြီး အခုအကြိမ်နဲ့ဆို ၂ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။ အဲဒီပွဲမှာ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်တွေက ပါတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မှာ ဒီကနေ့ ကျင်းပမယ့် NLDပါတီညီလာခံအတွက် ကိုယ်စား လှယ်ရွေးချယ် ထားတာ ဒီမိုကရေစီနည်းလမ်းမကျဘူးဆိုပြီး ပါတီဝင်အင်အား ငါးရာကျော်က ဆန္ဒ ထုတ်ဖော် ခဲ့ကြပါတယ်။

RFA

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်