Thursday, October 17, 2013

အမေရိကန် အစိုးရ၏ အုပ်ချုပ်မှု ယန္တရား ဆိုင်းငံ့ထားခြင်းကြောင့် ပိတ်ထားရသည့် လေဘာတီ ရုပ်တုပြန်ဖွင့်

Posted by drmyochit Thursday, October 17, 2013, under | No comments


အမေရိကန် အစိုးရ၏ အုပ်ချုပ်မှု ယန္တရား ဆိုင်းငံ့ထားခြင်းကြောင့် ပိတ်ထားရသည့် လေဘာတီ ရုပ်တုကြီးကို ကမ္ဘာလှည့် ခရီးသွားများအတွက် ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီဟု သိရှိရသည်။ တနင်္ဂနွေနေ့မှ စတင်ကာ နယူးယော့ခ်ရှိ အထင်ကရ ရုပ်တုကြီးသို့ ဧည့်သည်များ ပြန်လည် ဝင်ရောက် လည်ပတ်ခွင့် ရရှိနေပြီ ဖြစ်သည်။ အစိုးရ၏ အသုံးစရိတ်ကို မြှင့်တင်ပေးရန် လွှတ်တော်တွင်း ဆုံးဖြတ်ချက် အတည်ပြု ချမှတ်နိုင်ခြင်း မရှိသည့်နောက် အစိုးရ လုပ်ငန်းအချို့ကို ရပ်တန့်ထားခဲ့ရာ လေဘာတီ ရုပ်တု၏ ဝင်ရောက် လည်ပတ်ခွင့်လည်း အပါအဝင် ဖြစ်သည်။ အခြားသော နာမည်ကျော် ပြတိုက်ကြီးများ၊ ပန်းခြံကြီးများနှင့်အတူ ပိတ်ထားခဲ့သည့် ရုပ်တုကြီးကို ပြန်လည်ဖွင့်ပေးရန် တောင်းဆိုမှုကို နယူးယော့ခ် အုပ်ချုပ်ရေး အဖွဲ့က ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် လက်ခံပေးလိုက်သည်။

ရုပ်တုကြီးကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ဝန်ထမ်းများအတွက် လုပ်ခလစာ ပေးချေရန် စရိတ်လိုအပ်ချက်ကြောင့် ပြန်လည်ဖွင့်လှစ်ခွင့်ပေးရန် အမျိုးသား ဥယျာဉ်များဌာနက နယူးယော့ခ် အုပ်ချုပ်ရေး အဖွဲ့ထံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ လေဘာတီ ရုပ်တုနှင့်အတူ ဂရင်းကင်ညွန် အမျိုးသားဥယျာဉ် အပါအဝင် နိုင်ငံတဝှမ်းမှ အမျိုးသား ဥယျာဉ်ကြီး (၁၀)ခုကိုလည်း ပြန်လည် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ နယူးယော့ခ် အုပ်ချုပ်ရေးမှူး အန်ဒရူး ကူမိုက ကမ္ဘာလှည့် ခရီးသည်များကို လေဘာတီ ကျွန်းပေါ်ရှိ ရုပ်တုကြီးထံ ပို့ဆောင်ပေးသည့် ဝင်ငွေများမှ နေ့စဉ် ဒေါ်လာ (၆၁၆၀၀)ကို ဗဟိုအစိုးရထံသို့ လွှဲပေးရကြောင်း ပြောကြားခဲ့သည်။

အမြင့်(၃၀၅)ပေရှိသည့် ရုပ်တုကြီးသည် နယူးယော့ခ် မြို့တော်ရောက် ကမ္ဘာလှည့် ခရီးသွားများအတွက် ဆွဲဆောင်မှု အရှိဆုံး အထင်ကရ နေရာတစ်ခုလည်း ဖြစ်သည်။ "လေဘာတီကို ပိတ်ထားတယ် ဆိုတာက နယူးယော့ခ်ရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို ပိတ်ထားတာနဲ့ တူတူပဲ။ ရေရှည်မှာ ဒေါ်လာ သန်းနဲ့ချီ ထိခိုက် နစ်နာလိမ့်မယ်"ဟု ကူမိုက မှတ်ချက်ပြုခဲ့သည်။ အမေရိကန်တွင် အထိမ်းအမှတ် နေရာများနှင့် ဥယျာဉ်ကြီးများသို့ နှစ်စဉ် လာရောက် လည်ပတ်သူ အရေအတွက် သန်း(၂၈၀)မျှ ရှိကြောင်းလည်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်