Thursday, October 17, 2013

ပေါ်တူဂီ၊ ပြင်သစ်၊ ဆွီဒင်၊ ခရိုအေးရှားတို့ ပါဝင်နေသည့် ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-Offs ပွဲစဉ်မဲခွဲမှုများ အောက်တိုဘာ ၂၁ တွင်ပြုလုပ်မည်

Posted by drmyochit Thursday, October 17, 2013, under | No comments


ဥရောပဇုန်မှ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် အုပ်စုနောက်ဆုံးပွဲစဉ်များကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင် ကစားခဲ့ရာ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်သည့် အသင်းများ အဖြေထွက်ခဲ့သလို Play-Offs ကစားရမည့် အသင်းများလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ 

နာမည်ကျော်အသင်းများဖြစ်သည့် အင်္ဂလန်၊ စပိန်၊ ရုရှ စသည့် အသင်းများ ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်ခဲ့သလို ဘော့စနီးယားအသင်းမှာလည်း အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ခြေစစ်ပွဲအောင်ရန် နာမည်ကြီးခဲ့သော်လည်း တိုက်ရိုက်မအောင်မြင်ခဲ့ဘဲ Play-Offs အဆင့်ဖြင့် နောက်တစ်ဆင့် ယှဉ်ပြိုင်ရမည့်အသင်းများထဲတွင် နာမည်ကြီး ပေါ်တူဂီ၊ ဆွီဒင်၊ ပြင်သစ်၊ ခရိုအေးရှား စသည့် အသင်းများ ပါဝင်နေပြီး အဆိုပါ Play-Offs ပွဲစဉ်များ အတွက် မဲခွဲပွဲကို လာမည့်အောက်တိုဘာ ၂၁ ရက်တွင် ဖီဖာရုံးစိုက်ရာ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဥရောပဇုန် အုပ်စု(၉) အုပ်စုထဲမှ အုပ်စု ဒုတိယရရှိသည့် အသင်း ကိုးသင်းထဲမှ အကောင်းဆုံးရှစ်သင်းမှာ Play-Offs ပွဲစဉ်များ ကစားခွင့်ရရှိမည်ဖြစ်ပြီး အုပ်စု(ခ)မှ ဒိန်းမတ်အသင်းမှာ အုပ်စုဒုတိယနေရာတွင် ရပ်တည် နိုင်ခဲ့သော်လည်း အခြားအုပ်စုများမှ ဒုတိယရရှိသောအသင်းများထက် ရလဒ်များ ဆိုးရွားခြင်းကြောင့် နောက်ဆုံး ရှစ်သင်းထဲတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် Play-Offs အဆင့်သို့ အုပ်စု(က)မှ ခရိုအေးရှား၊ အုပ်စု(ဂ)မှ ဆွီဒင်အသင်း၊ အုပ်စု(ဃ)မှ ရိုမေးနီးယား၊ အုပ်စု(င)မှ အိုက်စလန် အသင်း၊ အုပ်စု (စ)မှ ပေါ်တူဂီအသင်း၊ အုပ်စု(ဆ)မှ ဂရိအသင်း၊ အုပ်စု(ဇ)မှ ယူကရိန်းအသင်းနှင့် အုပ်စု(ဈ)မှ ပြင်သစ် အသင်းတို့ တက်ရောက်လာနိုင်ခဲ့ကြသည်။ နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်ဒို ပါဝင်သည့် ပေါ်တူဂီ အသင်းမှာ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ရန် နာမည်ကြီးခဲ့သော်လည်း ကာပယ်လို၏ ရုရှနောက်တွင်သာ ရပ်တည်နိုင်ခဲ့သဖြင့် Play-Offs ဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်ပြီး ပြင်သစ်အသင်းမှာလည်း လက်ရှိ ကမ္ဘာ့ချန်ပီယံစပိန်၏ နောက်ကောက်ချခြင်းခံရကာ အုပ်စုဒုတိယနေရာဖြင့်သာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ 

မဲခွဲပွဲများပြုလုပ်ရာတွင် Play-Offs အဆင့်တွင် ပါဝင်ခွင့်ရထားသည့် အသင်းရှစ်သင်းအား ယနေ့ (ကြာသပတေး)တွင် ထုတ်ပြန်မည့် အောက်တိုဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်များအပေါ် အခြေခံပြီး ဆီဒင်အဆင့် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဆီဒင်အဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့အဆင့်အမြင့်ဆုံးအသင်းလေးသင်းမှာ အနိမ့်ဆုံးအသင်းများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ Play-Offs မဲခွဲပွဲပြီး နောက်ထွက်ပေါ်လာသော ပွဲစဉ်များအား အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ကစားရမည်ဖြစ်ပြီး ပထမအကျော့ပွဲစဉ်များကို လာမည့်နိုဝင်ဘာ ၁၅ ရက်နှင့် ဒုတိယအကျော့ ပွဲစဉ်များကို နိုဝင်ဘာ ၁၉ ရက်များတွင် ကစားကြရမည်
ဖြစ်သည်။
By Mizzima

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်