Thursday, October 17, 2013

အုပ်ချုပ်ရေးမှူးမှ ဖုန်းဆင်းကတ်ခွဲတမ်း ၄၅ ကတ်ကို ပြင်ပပေါက်ဈေးနှင့် ပြန်ရောင်း၊ သိန်း ၄၀ ကျော် ခြစားဟု ချောင်းဆုံအမတ် စွပ်စွဲ

Posted by drmyochit Thursday, October 17, 2013, under | No comments


မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အုပ်ချုပ်ရေးမှူး ချောင်းဆုံမြို့နယ်ရှိ ရွာပေါင်း ၄၅ ရွာအတွက် ရရှိထားသည့် တယ်လီဖုန်းဆင်းကတ်ခွဲတမ်းထဲမှ တစ်ရွာလျှင် တစ်ကတ် ထုတ်နှုတ်၍ ပြန်လည်ရောင်းချခဲ့သည့် ခြစားမှုဖြစ်စဉ်ကို စုံစမ်းသိရှိခဲ့သည်ဟု ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်မှ မွန်ပြည်နယ် လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“တစ်ရွာကို တစ်ကတ်စီနှုတ်ပြီး ၄၅ ကတ်ကို ပြင်ပပေါက်ဈေးနဲ့ ပြန်ရောင်းလိုက်တယ်။ အဲတော့ ပိုက်ဆံ ၄၇ သိန်း ရတယ်။ အဲဒီ ပိုက်ဆံထဲက ဆိုကရေးတီးမှာ ၁၁ သိန်း ထည့်လိုက်တယ်။ ကျန်တဲ့ ၃၆ သိန်းနဲ့ နှစ်သောင်းကို ငွေတိုးချစားထားတယ်”ဟု ဒေါက်တာအောင်နိုင်ဦးက စွပ်စွဲ ပြောဆိုသည်။

ထိုကိစ္စကို မွန်ပြည်နယ်အစိုးရမှ ကိုယ်တွယ် အရေးယူသွားနိုင်ရေးအတွက်လည်း တင်ပြထားပြီးဖြစ်သည်။ ထို့အပြင်အောက်တိုဘာ ၁၅ ရက်ကလည်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေ၊ ပြည် နယ်ဥပဒေချုပ် ဦးမင်းကြည်နှင့် ဒေါက်တာအောင်နိုင်ဦးတို့ သုံးဦးက ထိုမြို့နယ် အုပ်ချုပ်ရေးမှူးကို အရေး ယူသွားနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကာ လွှတ်တော်ဥက္ကဋ္ဌ၊ ဥပေဒချုပ်တို့မှလည်း ခြစားမှုကို အပြင်းအထန် ကန့်ကွက်ခဲ့သည်။

တယ်လီဖုန်းဆင်းကတ်ခြစားမှုအား ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းသိန်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးအား တာဝန်ယူ ရောင်းချစေခဲ့သည်။ သို့သော် ထိုကိစ္စကို ဦးအောင်ထွန်း သိန်းမှ ငြင်းဆိုထားကာ မိမိမှ ရောင်းချရန် ခိုင်းစေခဲ့ခြင်းမဟုတ်ကြောင်း ငြင်းချက်ထုတ်ထားပါသည်။

ထိုသို့ မသာမာမှုများကို ပြည်သူလူထုက တိုင်ကြားခဲ့ရာ တစ်ဆင့် တိုင်ကြားမှုများရှိခဲ့ရာမှ ကွင်းဆင်း စစ်ဆေးခဲ့စဉ် တွေ့ရှိရခြင်း ဖြစ်သည်။ ထို့ပြင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ တယ်လီဖုန်းဆင်းကတ်များ ရောင်းချရန် စေခိုင်းသည့် ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးအားလည်း မေးမြန်းခဲ့ရာ ထိုနှစ်ဦးမှ ဟုတ်မှန်ကြောင်းဝန် ခံခဲ့သည်ဟု ဒေါက်တာ အောင်နိုင်ဦးမှ ပြောသည်။

“အဲဒီသွားရောင်းတဲ့ အုပ်ချုပ်ရေးမှူး နှစ်ယောက်ကိုလည်း ကျွန်တော်ခေါ်မေးတယ်။ သူတို့က ဟုတ်တယ်လို့ ၀န်ခံတယ်။ လွှတ်တော်ဥက္ကဋ္ဌကလည်း ဒီကိစ္စကို မေးမြန်းတော့ ဟုတ်မှန်ကြောင်းဆိုတာတော့ ပေါ်လွင်သွား တာပေါ့” ဟုဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ချောင်းဆုံမြို့နယ်တွင်းရှိ ရွာ ၄၅ ရွာအတွက် ပြည်နယ်အစိုးရမှတစ်ဆင့် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး များအား စက်တင်ဘာလအတွက် တယ်လီဖုန်းဆင်းကတ် ခွဲတမ်းများချပေးခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူးမှ ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း တယ်လီဖုန်းဆင်းကတ်များမှာ နောက်ကျမှ ရောက်လာကာ အောက်တိုဘာလဆန်းမှပင် စတင်ဖြန့်ဖြူးနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းအား မြို့နယ် အုပ်ချုပ်ရေးမှူးမှ ခြစားခဲ့ခြင်း ဖြစ်သည်။

မည်သို့ အရေးယူ ဆောင်ရွက်သွားရမည်ဆိုသည့် အပိုင်းမှာမူ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်ဖြစ်ကာ ဥပဒေအရ အရေးယူသွားနိုင်ရေးအတွက် ယခုအောက်တိုဘာလ ၂၂ ရက်အထိ အချိန်ပေးထားမည်ဖြစ်ကာ ထိုမှ ပြည်နယ်အစိုးရမှ တစ်စုံတစ်ရာ ကိုင်တွယ်အရေးယူခြင်းမရှိပါက ပြည်ထောင်စုလွှတ်တော်တို့ တင်သွင်းမည်ဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

By Mizzimz

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်