Monday, August 20, 2012

အားနာတတ်ကြရဲ့လား

Posted by drmyochit Monday, August 20, 2012, under | No comments

အားနာတတ်ကြရဲ့လား

'' အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာခဲ့လို့သနည်း...
ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ...
ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံးကွယ်လေပြီတကား...။''
ဒီကဗျာလေးဟာ ဆရာကြီး မင်းသုဝဏ်ရဲ့ စာပေလက်ရာ များစွာထဲက '' သူ့မှာတမ်း'' ကဗျာ မှာပါတဲ့ ကဗျာ တစ်ပိုဒ် ဖြစ်ပါတယ်။ ဒီကဗျာလေးကို ဖတ်ဖူး၊ သိဖူးခဲ့သူ တွေများခဲ့ပေမယ့် မေ့နေ လောက်ပါပြီ။ ကဗျာပါ အကြောင်း အရာ ကတော့ ရိုးရှင်းပါတယ်။ ဖွဲ့ဆို ထားတဲ့ စကားလုံးတွေ ကလည်း မသိ နားမလည်နိုင်တဲ့ စကားလုံး တစ်လုံးမျှ မပါပါဘူး။ အနုပညာ ပစ္စည်းတစ်ခု၊ အနုပညာ အဖွဲ့တစ်ခုဟာ မြင်ရုံ၊ ကြားရုံ၊ သိရုံအပြင် အတွေးကိုပါ နှိုးဆွပေးရမည်။ စာဖွဲ့တစ်ခု ဆုံးလျှင် အတွေးကို စရမည်ဟု စာပေ အနုပညာရှင်တို့ ဆိုမိန့်ခဲ့ ကြသည့် အတိုင်း ဒီကဗျာလေး ကတော့ မိမိအတွက် အတွေးပွားစေ ခဲ့တဲ့ ကဗျာ လေးပါပဲ။

ဒီကဗျာ လေးကို သီကုံးထားတဲ့ စကားလုံး တွေထဲက အနှစ်သက်ဆုံး စကားလုံးလေး ကတော့ ''အားနာ'' ဆိုတဲ့ စကားလုံး လေးပါပဲ။ '' အားနာ'' ဆိုတဲ့စကားကို မြန်မာ အဘိဓာန်မှာ '' မိမိကြောင့် တစ်ဖက်သားတွင် အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သည်၊ အနှောင့်အယှက် ဖြစ်ရသည့်အတွက် စိတ်မချမ်း မသာဖြစ်သည်။'' ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ '' အားနာ '' ဆိုတာ မြန်မာစကား စစ်စစ် ဖြစ်ပါတယ်။ မြန်မာ့ လူဘောင် အသိုင်းအဝိုင်း မှာ တစ်ဦးကို တစ်ဦး အပြန် အလှန် ပြောဆိုနေကြတဲ့ မြန်မာ့စိတ်ဓာတ်၊ မြန်မာ့ စိတ်ရင်း အခြေခံကို ပြဆိုနေတဲ့ စကားလုံး လေးပါပဲ။ အားနာတယ်ဆိုတာ သူတစ်ပါး အပေါ် ကိုယ်ချင်း စာစိတ် ထားရှိခြင်း ပဲဖြစ်ပါတယ်။

ကဗျာမှာ ပါတဲ့ ပြောက်ကျား စစ်သည် ရဲဘော်လေးဟာ ရည်မှန်းချက် တာဝန် မပြီးမြောက် သေးခင် မိမိ အသက် စွန့်ခဲ့ရ သည်ကိုပင် လုပ်ဖော် ကိုင်ဖက်များအပေါ် အားနာခဲ့ကြောင်း ပြောခဲ့ပါသည်။ လွတ်လပ် ရေးကြိုးပမ်းမှု အတွက် အားနာခဲ့တဲ့ စစ်သည် ရဲဘော်ကဲ့သို့ စစ်သည်တွေ မည်မျှ ရှိခဲ့ပါသလဲ။ လွတ်လပ် ရေးရရှိပြီး နောက်ပိုင်း တိုင်းပြည် တည်ငြိမ်မှု ကင်းမဲ့ခဲ့တဲ့ အချိန်အခါ တွေမှာလည်း အားနာခဲ့ကြတဲ့ စစ်သည်တွေ မည်မျှ ရှိခဲ့ကြပြီလဲ။ အဲ့ဒီလို အားနာ ခဲ့ကြတဲ့ စစ်သည်တွေ ယခင် ကလည်း ရှိခဲ့တယ်။ ယခု လည်းရှိနေ ဆဲပင်။ နောင် အနာဂတ် တွေမှာလည်း ဆက်လက် ရှိနေကြပါ လိမ့်မယ်။

အဲ့ဒီလို တွေးကြည့်လိုက်ရင် ဘဝစည်းစိမ်ကို ချမ်းမြေ့ပျော်ရွှင်စွာ ခံစားနေကြတဲ့ သင်တို့ရဲ့ခြေဖဝါးအောက်ကမြေမှုန့်တွေမှာ အားနာခဲ့ကြတဲ့ စစ်သည်တွေရဲ့ စွန့်လွှတ် စွန့်စားမှုတွေဟာ နေရာမလပ် ရှိနေတယ်ဆိုတာ သင်တို့ တွေးမိရင် အားနာတတ်ဖို့ ကောင်းပါလိမ့်မယ်။ ဒီစစ်သည်တွေဟာ ကိုယ့်လူမျိုးကို ဘယ်လောက် ချစ်တယ် ဆိုတာ စာမဖွဲ့တတ်ပါဘူး။ ကိုယ့်တိုင်းပြည်ကို ဘယ်လောက် မြတ်နိုးတယ်ဆိုတာ မပြောပြ တတ်ပါဘူး။ ရှေ့တန်း စစ်မျက်နှာမှာ စာဖွဲ့လို့ မကုန်နိုင်အောင် များပြား လှတဲ့ ပင်ပန်း ဆင်းရဲ ဒဏ်တွေ ကိုခံစားရင်း၊ ငှက်ဖျားရောဂါကို အလူး အလိမ့်ခံစားရင်း၊ တိုက်ပွဲမှာ ဒဏ်ရာရတဲ့ဝေဒနာ ကိုခံစားရင်း၊ မိမိရဲ့ခေါင်းဆောင်ကို သံယောဇဉ်ကြီးမားတဲ့ မျက်လုံးအစုံနဲ့ ကြည့်ရင်း၊ ခေါင်းဆောင်ရဲ့ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း အသက် ပေးသွားခဲ့ကြတဲ့ စစ်သည်တွေ ရဲ့အားနာမှုကို သင်တို့ မျက်ဝါး ထင်ထင် ကြုံဖူးကြ ပါရဲ့လား။

စာဖွဲ့မပြ တတ်ခဲ့ကြတဲ့ စစ်သည်တွေဟာ အရာရာ အားလုံးကို စွန့်လွှတ် စွန့်စားခဲ့ရသည့် တိုင်အောင် မြန်မာမှန်လျက် မြန်မာ့စိတ်ရင်း အမှန်အဖြစ် သူ့ရဲ့ ရဲဘော်ရဲဘက် များအပေါ် '' အားနာတယ် '' ဆိုတဲ့ စကားလေး တစ်ခွန်းကိုပဲ သူတို့ ဆိုတတ် ခဲ့ကြပါတယ်။

တိုင်းတစ်ပါး ကိုအထင်ကြီးပြီး မိမိလူမျိုးကို နှိမ့်ချတတ်တဲ့ လူတစ်ယောက်နဲ့ ကြုံခဲ့ ရဖူးပါတယ်။ ထိုသူက အင်္ဂလိပ်လို ညှပ်၍ '' What is အားနာ '' တဲ့။ တစ်ခြား တိုင်းပြည်တွေမှာ '' အားနာ '' ဆိုတဲ့ စကား မရှိဘူးတဲ့။ ''အားနာ'' ဆိုတဲ့စကားကို သူတို့ နားမလည်ဘူးတဲ့။ မြန်မာ တစ်ယောက် ဖြစ်လျက်နဲ့ မြန်မာ စစ်စစ်ကို ချိုးနှိမ် ပြောဆို ခဲ့ပါတယ်။ ဟုတ်ပါတယ်...အားနာ တတ်တာ တစ်ကမ္ဘာ လုံးမှာ မြန်မာပဲ ရှိပါတယ်။ မြန်မာဟာ မြန်မာပါပဲ။ မြန်မာ့ စိတ်ရင်းကို ဘယ်သူတွေ ပြောင်းလို့ ရမှာလဲ။

ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ကိုချစ်ဖို့ဆိုတာ ဒီနိုင်ငံမှာမွေး၊ ဒီလူမျိုးတွေနဲ့ ကာလကြာရှည်ရောထွေး ယှက်တင် နေထိုင်လာမှ ချစ်တတ် လာမှာပါ။ လူတကာ အထင်ကြီးအောင် စကားလုံး အကြီးအကျယ် တွေကိုပြော၊ အခွင့် အရေးကြုံခိုက်မှာ တိုင်းပြည် ကိုချစ်ပြ လိုက်ကြတဲ့ လူတွေရဲ့ ကြားထဲမှာ စွန့်လွှတ်စွန့်စားမှု အရင်းခံနဲ့ ပေးဆပ်ခဲ့ ကြတဲ့ စစ်သည်တွရဲ့ 'အားနာ'' ခဲ့မှုတွေကို ထွက်ပြူစ ဒီမိုကရေစီ နေမင်းရဲ့ အောက်မှာ နှင်းမှုန်တို့ ပျောက် ကွယ်သွား ရသလို ဖန်တီး နေကြပါတယ်။

ဘယ်သူတွေ ဘယ်လို ဖန်တီး နေကြပေမဲ့လည်း တောင်ဆွယ် မှာနေကွယ်ခဲ့ကြတဲ့ အားနာသူတို့ရဲ့ ပေးဆပ်ခြင်းဟာ မြန်မာ့ တပ်မတော်ရဲ့ မှန်ကန်သော သစ္စာလေးချက်ကြောင့် အရှေ့ဘက် ကနေဝန်းနဲ့အတူပြန်လည် ရှင်သန်လာခဲ့ကြစမြဲပါ။ ဒါကြောင့် တောင်ဇလပ်ပန်းတို့ အမြဲတမ်း ရဲရဲနီခဲ့ ကြပါတယ်။ ချယ်ရီ ပန်းတို့အမြဲတမ်း တင့်မော နိုင်ခဲ့ကြပါတယ်။ သဇင် ပန်းခိုင်တို့ အမြဲတမ်း မြိုင်ခဲ့ကြ ရပါတယ်။ ပန်းပိ တောက်ငုဝါတို့ အမြဲတမ်း ဝင်းဝါ နိုင်ခဲ့ကြ ပါတယ်။

သင်တို့ ရှူရှိုက်နေကြတဲ့ ပန်းရနံ့တွေ၊ အရသာခံ စားသောက နေကြတဲ့ သစ်သီးတွေ၊ ကြည့်မျှော် နေရတဲ့ သဘာဝ ရှုခင်းတွေဟာ အားနာခဲ့သူ တွေရဲ့ ပေးဆပ်မှုကြောင့် တည်တံ့ ဖြစ်ပေါ် လာတယ်ဆိုတာ အမြဲတမ်း သတိရ နေကြမယ်ဆိုရင် မြန်မာ ပီပီကိုယ်ချင်း စာစိတ်အပြည့်နဲ့ '' အားနာလိုက်တာ '' ဆိုတဲ့စကားကို ရင်တွင်း ကနေ ဘဝဂ် တိုင်အောင် လျှံထွက်ဖို့ အရေး ရည်မျှော် လိုက်ရပါတယ်။
ကေကေ


         

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်