Saturday, October 13, 2012

ABSDF ငရဲတွင်းမှ တိုးထွက်ခဲ့သူများ - ၎

Posted by drmyochit Saturday, October 13, 2012, under | No comments









ဂျူ ။ ။ အဲဒီကနေ ဘယ်လိုထွက်ပြေးလာတယ်ဆိုတာလေး ပြောပြပါဦး။
ကျော်ဇင်ထွန်း ။ ။ အဲဒီလိုနဲ့ ကျွန်တော်တို့ကို ဖမ်းထားပြီး ရိုက်နှက်ညှင်းပန်းလာတာ၊ ၈ လကျော် လာခဲ့ပြီပေါ့။ အဲဒီ အချိန် မိုးဦးရာသီကို ရောက်လာပြီ။ အဲဒီမှာ ကျွန်တော်တို့ တွေးမိလာတာ တစ်ခုရှိလာပြီ။ ဖြစ်တာက ဒီလိုဗျ။ ကျွန်တော်တို့ကို အချုပ်ခန်းထဲ ထည့်ထားတဲ့အချိန်တွေမှာ သံခြေကျင်းခတ်တယ်။ လက်ပြန်ကြိုး တုတ်ပြီး တိုင်မှာ ချည်ထားတယ်။ မျက်နှာကို အ၀တ်စီးထားတယ်။ အဲဒီလိုထားတော့ လှုပ်ရှား မှုက မရှိဘူး။ တောထဲအလုပ်သွားလုပ်ချိန်လေးပဲ။ လှုပ်ရှားမှုက ရှိနေကြရတာ။ ဒီတော့ တချို့ မလှုပ် ရှားနိုင်လို့ အလုပ်ထွက်မလုပ်နိုင်တဲ့ အချုပ်သားတွေ တဖြုတ်ဖြုတ်သေနေကြတယ်။ ဒီတော့ မိုးတွင်းရောက် ရင် အလုပ်ထွက် နိုင်မှာ မဟုတ်ကြတော့ဘူး။ ဒီတော့ ငါတို့ဟာ သေကြရတော့မယ်။ ဒီတော့ ငါတို့ ဒီလိုပဲနေရင် သေမယ်၊ ထွက်ပြေးရင် လွတ်ကောင်းလွတ်မယ်။ သေချင်မှသေမယ်။ အဲဒီိလိုတွေးပြီး တိုင် ပင်ဖြစ်ကြတာက ကိုမြင့်သိန်း (ကသာ)နဲ့ ကိုစိုးလေး (အင်းတော်) တို့လို တန်းစီလုပ်နေတဲ့ လူတွေပဲ။ အဲ သူတို့တိုင် ပင်တယ်ဆိုတာကလည်း အချုပ်ခန်းထဲမှာ တိုင်ပင်လို့ရတာ မဟုတ်ဘူးလေ။ တောထဲ အလုပ်သွား လုပ်တဲ့အချိန် တိုးတိုး တိတ်တိတ် တိုင်ပင် ကြတာ။ သူတို့ ဦးဆောင်ညှိနှိုင်းပြီးတော့မှ ကျွန်တော် တို့လို စိတ်ချရ တဲ့သူတွေကို အသိပေးတာ။ အကုန်လုံးကို တော့ ဘယ်အသိပေးရဲမှာလဲ။ တစ်ယောက်ယောက်က မျက်နှာလိုအားရ ပြောလိုက်ရင် အကုန်ခေါင်းဖြတ်ခံကြရမှာ။
အဲဒီလိုတိုင်ပင်ကြတော့ ကျွန်တော်တို့ကလည်း အားလုံးပြေးမယ်ဆိုရင် လိုက်မယ်ပေါ့။ ပေးတဲ့တာဝန် ကျေ မယ်ပေါ့။ အဲဒီလိုနဲ့ ပြေးမယ့်ညမှာ တန်းစီးလုပ်တဲ့ ကိုမြင့်သိန်းတို့၊ ကိုစိုးလေးတို့ကနေ ကျွန်တော်တို့ကို နေ့တိုင်း ခတ်သလို သံခြေကျဉ်းကို သော့မခတ်တော့ဘဲ စေ့ရုံပဲစေ့ထားပေးတယ်။ အချုပ်သား ၅၅ ယောက်စလုံး ကိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ယုံကြည်စိတ်ချရလို့ ကြိုပြောထားတဲ့သူ ဆယ့်လေး ငါးယောက်လောက် ကိုပဲ ဟပေး ထားတာပေါ့။ အဲဒီမှာ စပြေးမယ့်အချိန်ကိုတော့ ည ၁၂ နာရီနောက်ပိုင်း လို့ သတ်မှတ် ထားတယ်။ ဘာဖြစ်လို့ ည ၁၂ နာရီနောက်ပိုင်း သတ်မှတ်သလဲဆိုတော့ နောက်ဆုံး ကင်းလဲချိန်က ၁၂ နာရီကိုးဗျ။ ဒီတော့ ကင်းလဲပြီးတာနဲ့ သော့ဟပေးထားတဲ့ ရဲဘော်အချုပ်သားတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် သော့ဖြုတ်ပြီး ခြေထောက်နောက်တစ်ချောင်းမှာ ချည်ထားတဲ့ သွပ်နန်းကြိုး ကိုလည်း ဖြုတ်ထားကြတာပေါ့။ စပြီး လှုပ်ရှားတာက ကျွန်တော်တို့ရဲ့အချုပ်ခန်း ကုတင်မှာအိပ်နေတဲ့ ကင်းသမားကို ၀င်းမြင့်က ဖိချလိုက်တယ်။ စိုးလေးလက်ထဲမှာ ကျွန်တော်တို့ အလုပ်လုပ်ရင်ကိုင်တဲ့ ဓားရှိ တယ်။ အဲဒီဓားနဲ့ ကင်းသမား ရဲဘော်ရဲ့လည်ပင်းကို ထောက်လိုက်တယ်။ မြင့်သိန်းက ကင်းသမားရဲ့ သေနတ်ကို ဆွဲယူမောင်းတင်ပြီး ချိန်ထား လိုက်တယ်။ ကျွန်တော် တို့ထဲက တချို့က ကင်းသမားဆီသွားပြီး ရှိတဲ့သံကြိုးတွေ၊ သွပ်နန်းကြိုးတွေနဲ့ ချည်လိုက်ကြတယ်။ ချည်တာမှ ဘယ် လောက်ထိ ချည်သလဲဆိုရင် ကင်းသမားဟာ မံမီရုပ်လိုဖြစ်သွားတာ။ ပြေးမယ်ဆိုတာ ကျန်တဲ့အချုပ်သား တွေ ကြိုမသိထားတော့ သူတို့ကိုလည်း ပြေးဖို့နှိုးလိုက်တော့ အချို့က သူတို့ကိုခေါ်ထုတ်ပြီး သတ်မယ်ထင်လို့ "မသတ်ပါနဲ့ဗျာ" ဆိုပြီး တောင်းပန်ကြတယ်။ ဟုတ်တယ်လေ မျိုးဝင်းတို့က ညညခေါ်ထုတ်ပြီး သတ်တဲ့အကျင့် ရှိတာကိုး။ အဲဒီမှာ ထိတ်လန့်နေတဲ့ ရဲဘော်အချုပ်သားတွေကို ကျွန်တော်တို့ ထွက်ပြေးကြမှာဖြစ်လို့ မအော်ဖို့ အသံ မထွက်ဖို့ အတော်ပြောရတယ်။ ကျွန်တော်တို့ အချုပ်မှာ ရဲမေတွေကိုလည်း အတူတူချုပ်ထားတာဆိုတော့ သူတို့ကို လည်း နိုးပြီးပြောရတယ်။ အဲဒီမှာ ကျွန်တော်တို့ထဲကအချို့က ကျွန်တော်တို့ အချုပ်ဆောင်မှာရှိတဲ့ ကင်း သမားရဲဘော်တွေ စုအိပ်တဲ့တဲကိုသွားဝိုင်းကြသေးတယ်။ သူတို့ထဲမှာရှိနေတဲ့ သေနတ်ကိုရအောင်လို့ပေါ့။ အဲဒီရဲ ဘော်တွေထဲက တစ်ယောက်က ချောင်းဆိုးပြီး နိုးနေတာတွေ့လို့ အဲဒီအစီအစဉ်ကို ဖျက်လိုက် ရတယ်။ ဒါနဲ့ ခြေကျဉ်း မဖြုတ်ထားတဲ့ အချုပ်သားတွေကို ပြေးရင် သံကြိုးသံ မမြည်အောင်ဆိုပြီး ဘောင်းဘီနောက် တစ်ထည် ထပ်ဝတ်ခိုင်းရတယ်။ နောက်တော့ ကျွန်တော်တို့ တရွေ့ချင်း ဖြေးဖြေးလေး စခန်းကုန်းပေါ်ကနေဆင်းကြတယ်လေ။ လူက ၅၀ ကျော်ဆိုတော့ အသံမထွက်ဖို့ကို ထိန်းရတာ မလွယ် လှဘူး။ မလွယ်လည်း သတိထားရတာပေါ့။ ကျွန်တော်တို့ပြေးတဲ့ နေရာက စခန်းသုံးခုကြားမှာရှိတာလေ။ အဲဒီကြားက ပြေးရတာဆိုတော့ အခြေအနေက ပြောလို့မရဘူးပေါ့။. နောက်ဆုံး ကျွန်တော်တို့အဖွဲ့ စခန်းကုန်းအောက်က ချောင်းလေးထဲရောက်တော့ ၂ နာရီထိုးနေပြီ။ ချောင်းထဲမှာ ခြေကျဉ်းမဖြုတ်ရသေးတဲ့ အကျဉ်းသားတချို့ကို ခြေ ကျဉ်းတွေရိုက်ဖြုတ်ပေးတယ်။ အဲဒီချောင်းက ကျောက်တုံးတွေကို ဖြတ်စီးတာဆိုတော့ အသံကိုတော့ စိတ်အေးရ ပြီလေ။ ချောင်းရေစီးသံက နဂိုကတည်းက ဆူညံနေတာဆိုတော့ သိပ်ပူစရာမလိုတော့ဘူးပေါ့။ အဲဒီကနေ ကျွန်တော် တို့ ဆက်ပြေးလာတာ ပြေးနိုင်သလောက် ပြေးကြတာဖြစ်လို့ အဲဒီနေရာမှာ လဲတဲ့သူလဲ ကွဲတဲ့သူကွဲပဲ၊ မတတ်နိုင်ဘူး အသက်နဲ့လုပြေးကြရတာကိုး။ ဒီလို ပြေးလာရင်းနဲ့ ကျွန်တော်တို့တွက်ထားတာက မိုးမလင်းခင် တရုတ်ပြည် ခမားမြို့ထဲကိုရောက်မယ်ပေါ့။ ဒါပေမဲ့ ပါဂျိုလမ်းခွဲမှာ လမ်းမပြောင်းတဲ့အနေနဲ့ ခြေကျဉ်းသော့ဖြုတ် ပြီး ၊ မပြေးတဲ့ဘက်ကို လမ်းကြောင်းလွှဲချတာနဲ့ ခြေရာဖျောက်တာနဲ့ဆိုတော့ အချိန်တွေက နောက်ကျသွားတာ ကချင်တဲလေးတစ်ခုကိုရောက်တယ်။ အဲဒီတဲရှင်ကလည်း ကျွန်တော်တို့အဖွဲ့ကို ထမင်းကျွေးချင်တယ်။ ဒါပေမဲ့ လူက ၅၀ ကျော်ဆိုတော့ မတတ်နိုင်ဘူးပေါ့။ အဲဒီမှာ သံယောဇဉ်ပဲလို့ခေါ်တဲ့ ပဲကြီးတွေကို လှော်ကျွေးတယ်။ တစ်ယောက်ကို လက် နှစ်ဆုပ်စာလောက်ရတယ်။ အဲဒီအချိန်မှာ ၇ နာရီထိုးနေပြီ။ ဒီတော့ ဆက်ပြေးကြတယ်။ နောက် မိုးတွေသည်းလာတယ်။ အဲဒီညမှာ တရုတ်အဖိုးကြီးတစ်ယောက်ရဲ့ လားတဲမှာ အိပ်ကြတယ်လေ။ တဲပိုင် ရှင် အဖိုးကြီးပေးတဲ့ ဆန်ကိုပြုတ်ပြီး ဆန်ပြုတ်တစ်ယောက်တစ်ခွက် သောက်ကြတယ်။ အဲဒီ လားတဲနေရာကနေ ကြည့်လိုက်ရင် တရုတ်ပြည်ရဲ့ ကားလမ်းမတစ်ခုကို မှုန်ပျပျမြင်နေရတယ်။ နောက်တစ်နေ့မနက်မှာ ကျွန်တော်တို့ ဖွဲ့စည်းပုံကို စနစ်ကျအောင် တည်ဆောက်ပြီး စနစ်တကျဖြစ်လာပြီး အဲဒီလိုနဲ့ ဆက်ထွက်လာရင်း တရုတ်ရွာပျက် ကလေးကို ရောက်တယ်။ အဲဒီမှာ ညအိပ်တယ်။ အဲဒီရွာမှာပဲ စတည်းချတယ်။ ခေါင်းဆောင်အချို့က တရုတ်ပြည် မြို့တစ်မြို့ကိုသွားပြီး အဆက်အသွယ်ရှာတယ်။ တွေ့တယ်၊ မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်တဲ့ ကုန်သည်တွေက သူ တို့ မြန်မာနိုင်ငံကိုပို့ပေးမယ်။ ကားလွှတ်လိုက်မယ်ပေါ့။ ကျွန်တော်တို့ ကားလမ်းကို ဆင်းစောင့်နေကြတယ်။ စောင့် နေရင်းနဲ့ အနီးအနားကရွာခံတွေက ထမင်းချက်ကျွေးတယ်။ ခဏအကြာမှာ လာကြိုတဲ့ကားရောက်လာတယ်။ ဖြစ် ချင်တော့ လာကြိုတဲ့ကားနောက်မှာ တရုတ်ရဲက မသင်္ကာလို့ဆိုပြီး သုံးဘီးဆိုင်ကယ်နဲ့ အဲဒီကားနောက်က ကပ်ပါ လာတယ်။ အဲဒီမှာ ကျွန်တော်တို့ အကုန် တောထဲ ၀င်ပြေး ကြပြန်တယ်။ လာကြိုတဲ့ကားကလည်း ကြောက်ပြီးပြန် ပြေးရော။ အဲဒီမှာ ကျွန်တော်တို့အထဲက တရုတ် စကား တတ်တဲ့ သူတစ်ယောက်က တရုတ်ရဲကို အကျိုးအကြောင်း ပြောပြတော့ တရုတ်ရဲက အချိုသတ်ပြီး ပြန်ချသွားတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း တောထဲဝင်ပြေးတဲ့သူတွေပြန် ခေါ်ပြီး လမ်းမပေါ် တက်လိုက်တော့ တရုတ်အာဏာပိုင်တွေက စောင့်နေတယ်။ နောက်တော့ ကျွနတော်တို့ကို အိပ်ခန်းကြီး ကြီးတစ်ခုထဲကို ၀င်ခိုင်းတယ်။ ပြီးတော့ သူတို့ စကားပြောစက်တွေနဲ့ သူတို့ရဲ့ အထက်လူကြီးတွေကို သတင်းပို့ တယ်။ ဟိုက ဘာပြန်ပြောတယ်မသိဘူး။ သူတို့တတွေဟာ သူတို့ရဲ့ အမှတ်အသားတံဆိပ်တွေ၊ ယူနီ ဖောင်းတွေကိုချွတ်ပြီး စကားပြန်ကနေတစ်ဆင့် ကျွန်တော်တို့အားလုံးကို စစ်ဆေးမေးမြန်းတယ်။ ဗီဒီယိုရိုက်တယ်။ ပြီးတော့ လက်နက်ပါလာရင် အပ်ဖို့ပြောတယ်။ ကျွန်တော်တို့ တရုတ်ပြည် ထဲရောက်ပြီဆိုတာ သိကတည်းက လက်နက်တွေကို ထားခဲ့ပြီးပြီ။ ဒီတော့ လက်နက်နဲ့တူတာဆိုလို့ ထမင်း စားတဲ့ ခက်ရင်းတစ်ချောင်းပဲ အပ်လိုက် တယ်။ နောက် ငွေပါလာရင် အပ်ခိုင်းတယ်။ ပြီးတော့ စကားပြန် ကနေတစ်ဆင့် စကားပြောတယ်။ သူပြောတာက ကျွန်တော်တို့ကို လိုချင်တဲ့အဖွဲ့တွေ အရမ်းများတယ်။ ဒီတော့ မင်းတို့ လုံခြုံရေးအတွက် ငါတို့ တစ်နေရာကိုခေါ် သွားမယ်။ မင်းတို့ ဘာမှ ပြသနာမလုပ်ပါနဲ့ဆိုပြီး အဲဒီညနေမှာ ထရပ်ကားကြီးတစ်စီးနဲ့ ခေါ် သွားတယ်။ ကျွန်တော် တို့အားလုံးလည်း ကားနဲ့လိုက် သွားရတာပေါ့။ ဒါပေမဲ့ သတိတော့မလွတ်ကြဘူး။ ကားမိုးကာကိုဖြဲပြီး သွားရာလမ်း ကြောင်းကို ကြည့်နေကြ ရတယ်။ လိုင်စင်ဘက်ကို ပြန်ပို့မှာစိုးလို့ပေါ့။ ဒါပေမဲ့ မပို့ပါဘူး။ အချုပ်ခန်းသုံးခန်းရှိတဲ့ ၀န်း ကျယ်ကြီး ထဲကို ကားမောင်းဝင်သွားတယ်။ အဲဒီအချိန်မှာ မှောင်စပျိုးနေပြီ။ နောက်တော့ ကျွန်တော်တို့ကို လူခွဲပြီး အချုပ်ခန်း ၃ ခန်းထဲ မျှထည့်တယ်။ ပြီးတော့ သူတို့ပြောတယ်။ မင်းတို့ကို ဖမ်းတာမဟုတ်ပါဘူး။ ဒီကနေ မင်းတို့ ကြောက်ပြီး အပြင်ထွက်ပြေးရင် ပြသနာတွေဖြစ်မှာစိုးလို့ပါဆိုပြီး ရှင်းပြတယ်။ ဒီထဲမှာဆိုရင် ငါတို့မင်းတို့ကို တာဝန် ယူတယ်။ အခုတော့ ထမင်းချက်ချိန်မရှိတော့ဘူးဆိုပြီး အချိုရည်ဗူးကြီး သုံးဗူးနဲ့ တရုတ်လမုန့်တွေ အများကြီး ကျွေး တယ်။ ဇလုံတစ်လုံးစီပေးတယ်။ ကျွန်တော်တို့လည်း ငတ်ငတ်နဲ့ တွယ်ကြတာပေါ့နော့။ အဲဒီမှာ ညအိပ်ပြီး မနက်စောစောမှာ ကျွန်တော်အားလုံးထတယ်။ စနစ်တကျ ကိုယ်လက်ကြံ့ခိုင်ရေးလုပ်တယ်။ အဲဒါက မတိုင်ပင်ဘဲ အခန်းတိုင်းလုပ်ကြတာ။ အဲဒါကို မြင်ပြီး သူတို့က အချုပ်ခန်းလာဖွင့်ပေးတယ်။ မင်းတို့ ကစားချင်ရင် ဟော ဒီခြံထဲမှာ ကြိုက်သလို ကစားကြပါ။ ခြံပြင်ကိုတော့ လုံးဝမ ထွက်ပါနဲ့ဆိုပြီးလည်း ပြောတယ်။ ဒီလို ကစားပြီး နေ့လည်ကျတော့ ကျွန်တော်တို့ကို ထမင်းခေါ်ကျွေးတယ်။ အဲဒီမှာ ကျွန်တော်တို့ အချင်းချင်းတိုင်ပင်ကြတာပေါ့။ ငါတို့ တကယ်ငတ်ခဲ့မှန်းသိအောင် စားနိုင်တာထက်ပိုစားကြမယ်ဆိုပြီး စားလိုက်ကြတာ သူတို့တတွေအတွက် စား စရာတောင်မကျန်တော့ဘူး ဖြစ်သွားတယ်။ အဲဒီမှာ သူတို့ပြောပြန်တယ်။ မင်းတို့စားတာကြည့်ပြီး ၀မ်းသာတယ်ပေါ့။ ကုန်လည်းကုန်သွားပြီပေါ့။ အခု မင်းတို့ကို ထပ်ပြီးချက်ကျွေးလို့ရသေးတယ်ပေါ့။ ဒါပေမဲ့ မင်းတို့က အကြာကြီးငတ်လာကြတော့ ခု တစ်ခါတည်းများများစားလိုက်ရင် အန္တရာယ်ဖြစ်မှာစိုးလို့ မချက်ကျွေးတော့တာပါပေါ့ဗျာ။ အဲဒီမှာ ကျွန်တော်တို့ကို သနားသွားပုံရတယ်။ ဒီလိုနဲ့ ညနေကျတော့ ကျွန်တော်တို့ကို တန်းစီခိုင်းပြီး ဘာသာပြန်က စကားပြောတယ်။ မင်းတို့ကို ၀မ်းသာစရာ စကားပြောမယ်။ မင်းတို့ ၀မ်းအသာလွန်ပြီး မအော်ကြပါနဲ့၊ မဆူကြပါနဲ့ဆိုပြီး ကျွန်တော်တို့ကို မြန်မာနိုင်ငံပြန် ပို့မယ့် အကြောင်း ပြောတယ်။ ကျွန်တော်တို့ကို အစကတည်းက သူတို့က မေးထားတယ်လေ။ ဘယ်ကို သွားချင် လဲလို့။ ကျွန်တော်တို့ကလည်း မြန်မာနိုင်ငံပြန်ချင်တယ်လို့ ပြောထားတယ်လေ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်