From : မေသင်္ကြန်ဟိန်
ကျမတို့ တိုင်းပြည်က သမ္မတကို နိုဗယ်ဆုစာရင်းဝင်ဖြစ်နေတယ် ဆိုတဲ့ သတင်းကို ဖတ်တုန်းက အိမ်က လူတွေ...မြစ်မခ ရုံးက လုပ်ဖော်ကိုင်ဖက်တွေ...သူငယ်ချင်းတွေ...မိတ်ဆွေတွေကို ၀မ်းသာ အားရ ပြောပြ ခဲ့မိတယ်။
အချို့ကလည်း ကျမလိုပဲ ၀မ်းသာကြတယ်၊ မုဒိတာ ပွားကြတယ်။အချို့ကျပြန်တော့လည်း ပုဂ္ဂိုလ်ရေး အစွဲ နဲ့တန်လို့လား ။ဘာညာ ပြောဆို ကဲ့ရဲ့ကြတယ်။ကျမကတော့ မြန်မာနိုင်ငံသား ဘယ်သူပဲ ရရ ၀မ်းသာ အားရ ဖြစ်မိ မှာပါပဲ။ ဂုဏ်ယူမိမှာပါပဲ။
ခုလို အစိုးရအဖွဲ့က ခေါင်းဆောင်ရတယ်ဆိုတာက ထူးခြားတယ်လို့ ပြောနိုင်သလို ကျမတို့ တိုင်းပြည် အတွက်တော့ ကောင်းတဲ့ ကိစ္စလို့ပဲ မြင်မိတယ်။အစိုးရ ပြုပြင်ပြောင်းလဲလာဖို့ အတွက် ပေးတာလို့ပဲ ပြောပြော..နောက်ကြောင်း ပြန်မလှည့်အောင် ပေးတာလို့ပဲ ပြောပြော၊ဘာမှ မလုပ်သေးဘဲနဲ့ ပေးတာပဲ လို့ပဲ ပြောပြော ကျမ ၀မ်းသာတယ်။
တကယ်လို့များ သမ္မတ ဦးသိန်းစိန် နိုဗယ်ဆု ရခဲ့ရင် ဒေါ်အောင် ဆန်းစုကြည် ရခဲ့တုန်း ကလိုပဲ ကျမ ၀မ်းသာကျေ နပ်ပါတယ်။ ကမ္ဘာ့အသိအမှတ်ပြု စာရင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့် ၊ဒေါ်အောင်ဆန်း စုကြည်တို့အပြင် အခြား မြန်မာတွေတိုးလာမှာကို ကျမတို့က ဘာကြောင့် မုဒိတာ မပွားနိုင်ရမှာလဲ။
ကျမတို့ တိုင်းပြည်ရဲ့ ခေါင်းဆောင် နှစ်ဦးဟာ နိုဗယ်ဆုရှင် ၂ ဦး ဖြစ်တယ်ဆိုတာ...မြန်မာပြည်အတွက် တန်ဖိုး တခုပါ။ကျမတို့ မြန်မာတွေဟာ အကြောင်း အမျိုးမျိုးတွေကြောင့် အခြားနိုင်ငံတွေမှာ ရောက်ရှိ ပြီး အလုပ်မျိုးစုံကို လုပ်ကိုင်နေကြရပါတယ်။ မြန်မာဖြစ်လျက်နဲ့ အနှိမ်ခံရမှာစိုးလို့ ဖိလစ်ပိုင်နိုင်ငံကလို့ ပြောနေရတဲ့ သူတွေ၊ မြန်မာဖြစ်ပါလျက်နဲ့ ထိုင်းလူမျိုးပါလို့ ညာနေရတဲ့ ဘ၀တွေ အများကြီးပါ။
ကျမ ၂၀၀၆ ခုနှစ်နောက်ပိုင်းကစပြီး ပြည်ပ ခရီးတွေသွားခဲ့ရပါတယ်။ ဘယ်တိုင်းပြည်ကိုပဲ ရောက်ရောက် ဘာလူ မျိုးနဲ့ပဲ တွေ့တွေ့၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ကျမကို ဘယ်ကလာသလဲလို့ မေးတိုင်း မြန်မာပြည် က မြန်မာပါလို့ ကျမ အမြဲပြောခဲ့တယ်။
ကျမရဲ့ သူငယ်ချင်းတယောက်ကတောင်မှ အဲလို မပြောပါနဲ့လို့ သတိပေးတားမြစ်ခဲ့ဖူးတယ်။ မြန်မာဆိုရင် မြန်မာမ ဆိုရင် လူကုန်ကူးခံရဖို့ များတယ်တဲ့...ကျမတို့ မြန်မာမတွေကို အဲလောက်ပဲ အထင်သေးသလား ဆိုပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်။
တကယ်တော့ နိုင်ငံတကာမှာ နေထိုင်နေကြရတဲ့အချို့ မြန်မာတွေရဲ့ ဆိုးဝါးတဲ့ အခြေအနေတွေကို ကျမပြန် မပြော ရက်လောက်အောင်ပါပဲ။
အဲဒါကြောင့်လည်း မြန်မာ ဆိုရင် အထင်သေးတဲ့ အကြည့် နဲ့ အကြည့်ခံရတယ်၊ မြန်မာ ဆိုရင် လူဆင် မမီတဲ့ သနားစရာ သတ္တ၀ါ တကောင်လို သဘောထား ခံရတယ်၊ မြန်မာဆိုရင် အရိုင်းအစိုင်းပဲ ယဉ်ကျေးမှု မရှိဘူး လို့ ဝေဖန်သုံးသပ်ပြောဆိုကြတာကိုလည်း နားနဲ့ကြားခဲ့ရဖူးတယ်။
ဒေါ်အောင်ဆန်းစုကြည်တောင်မှ နိုင်ငံခြားမှာ ကြီးပြင်းခဲ့ရလို့ တော်တာ ထက်မြက်တာ ဆိုတဲ့ အမြင်တွေ နဲ့ မြန်မာပြည်က လူတွေဆိုရင် ဒုက္ခသည်တွေလောက်ပဲ သဘောထားတဲ့ နိုင်ငံကြီးသားတွေ ရဲ့ မြန်မာပြည် အပေါ် နှိမ်ချပြောဆိုနေကြတာကိုလည်းစ ကြားခဲ့ သိခဲ့ရတာပါပဲ။
တကယ်တော့ ကျမတို့ မြန်မာတွေ အားလုံးဟာ ကမ္ဘာက ၀ိုင်း သနားခံနေရတဲ့ ဒုက္ခသည်တွေ မဟုတ်ပါ ဘူး။ ကျမတို့ တွေမှာ ကမ္ဘာနဲ့ ယှဉ်နိုင်တဲ့ ကိုယ်ပိုင်အရည်အချင်းတွေ ရှိပါတယ်။ ကျမတို့မှာ သူတို့ထက် သာတဲ့ အရည် အသွေးတွေလည်း အများကြီးပါ။
ကျမ တို့ မြန်မာတွေ တကယ်မညံ့ဘူးဆိုတာကို ကမ္ဘာက သိစေချင်ပါတယ်။ခုလို သမ္မတကြီးကလည်း နိုဗယ်ဆု အတွက် ကမ္ဘာ့ထိပ်တန်းတွေနဲ့ ယှဉ်နေရချိန်မှာ ကျမတို့ သမ္မတကို အနိုင်ရစေချင်တယ်။
ကမ္ဘာ့ အလှမယ်တွေနဲ့ ယှဉ်နေရတဲ့ နန်ခင်ဇေယျာကိုလည်း အနိုင်ရရှိစေချင်ပါတယ်။
ကမ္ဘာမှာ မြန်မာတွေ မညံ့ဘူးဆိုတာကို ကျမတို့ ပြသနိုင်မဲ့ အခွင့်အလန်းတခုလို့လည်း သဘောထား မိပါ တယ်။
ကမ္ဘာက မြန်မာတွေ မညံ့ဘူးဆိုတာကို ပြလာနိုင်တာနဲ့ အမျှ ကိုယ့်ကိုယ် မြန်မာပြည်သား ဖြစ်ပါလျက်နဲ့ မြန်မာ နိုင်ငံ သားလို့ မပြောရဲတဲ့ အခြေအနေကလည်း လွတ်မြောက်လာနိုင်ကြမှာပါလို့ ယုံကြည်မိ ပါတယ်။
ဘာပဲ ဖြစ်ဖြစ် ကျမတို့ဟာ မြန်မာတွေပါ။ မြန်မာ မှန်ရင် ဘယ်သူမှ မညံ့ကြပါဘူး။မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်။

Time in Rangoon


0 comments:
Post a Comment