Wednesday, October 17, 2012

အောက်တိုဘာလအတွက် ၇ ရက်သားသမီးဟောကိန်းများ

Posted by drmyochit Wednesday, October 17, 2012, under | No comments



တနင်္ဂနွေ သားသမီးများ
.
ယခုလအတွက် တနင်္ဂနွေသားသမီးများ အတိုက်အခံ ၊ ရန် အခက်အခဲ နှင့် ယှဉ်သော အောင်မြင် မှုများကို ရရှိနိုင် လိမ့်မည်။ အပြိုင်အဆိုင် ယှဉ်ပြိုင်ရသော လုပ်ငန်းများတွင် အောင်မြင်မှု ရရှိမည်။ လူမှုဆက် ဆံရေးပိုင်း အောင်မြင် မည်။ လူအ များ၏ ထောက်ခံမှုကို ရရှိမည်။ ငွေကြေးကိစ္စ ကံကောင်းနိုင် သလို စိတ်ပူစ ရာလည်း ရှိမည်။ ငွေဝင်ကိန်း ငွေထွက်ကိန်း (၂)မျိုးလုံး ရှိနေမည်။ အချို့ ကံဇာတာညံ့သော အသက်ပိုင်းများအတွင်း ရောက် ရှိနေသော တနင်္ဂနွေသားသမီးများ ငွေကြေးအတွက် အလွန်ပူပင်သောက ရောက်ရဖွယ်ရှိသည်။ ငွေရေးကြေးရေး ပြဿ နာ တက်နိုင် သည်။ ငွေအတွက် ခေါင်းခဲစရာ ကိစ္စများ ကြုံနိုင်သည်။ ငယ်ရွယ်သူများ အချစ်ရေးကိစ္စ အဆင်ပြေ မည်။ ချစ်သူစုံတွဲများ သဒ္ဓါလွန်၍ တဏှာ ကျွံတတ်သည်။ ဆယ်ကျော် သက်များ အပေါင်းအသင်း စုံသောကြောင့် လိင်ကိစ္စများ ရှုတ်ထွေးမိ တတ်သည်။ ကျောင်းသူကျောင်း သားများ ပညာရေးကံ အနည်းငယ် နိမ့် ကျနေ မည်။ ကျန်းမာရေး ချူခြာနေမည်။ ဦးနှောက် အာရုံကြော ၊ အစာအိမ် ၊ နှလုံး ၊ ခြေထောက် ပိုင်းတွင် အားနည်းချက်များ ရှိနိုင်သည်။ စီးပွားရေးလုပ်ငန်းရှင်များအတွက် စာနယ်ဇင်း နှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ၊ ၀န်ဆောင်မှု နှင့် အကျိုးဆောင် လုပ်ငန်းများ ၊ လှောင်ကုန် လုပ်ကိုင် သူများ ၊ စက် ပစ္စည်း ရောင်း ၀ယ်ဖောက် ကားသူများ ၊ ဆေးဝါး ထုတ်လုပ်ရောင်း ၀ယ်ရေး လုပ်ငန်း လုပ်သူများ အကျိုးများ လိမ့်မည်။ ခရီးသွား လာခြင်း နှင့် ခရီးသွား လုပ်ငန်း လုပ်ကိုင် သူများ ကံမကောင်းနိုင်သေးပါ။

ယခုလအတွက် နာမည်တွင် – တနင်္ဂနွေ စ,ပြီး ဗုဒ္ဓဟူး ၊ စနေ ၊ အင်္ဂါ နံများဖြင့် ပိတ်ထားသော နာမည်ပိုင်ရှင်များ ကံကောင်းမှုများကို ပိုမိုရရှိနိုင်သည်။ တနင်္ဂနွေဖြင့် အစပြုပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ ကြာသပတေး ၊ သောကြာ နံများဖြင့် ပိတ်ထားသော နာမည်ပိုင်ရှင်များ ကံဇာတာ အညံ့ဖက်ပိုမိုနိုင်ပြီး ကျန်းမာရေး အထူးဂရုပြုပါ။
ယတြာပြုလုပ်လိုပါက – မွေးနေ့ တနင်္ဂနွေနေ့ တစ်ရက်တွင် ဈေးထဲမှ အသတ်ခံရတော့မည့် ငါးအရှင်များ (အရေအတွက် မိမိတတ်နိုင်သလောက်) ၀ယ်ပြီး မြစ်ချောင်းများအတွင်း လွှတ်ပြီး ဇီဝိတဒါန ပြုလိုက်ပါ။
.
တနင်္လာ သားသမီးများ
.
ယခုလအတွက် တနင်္လာသားသမီးများ ကံဇာတာ အထူးတိုးတက်ကောင်းမွန်ဖွယ် ရှိသည်။ ယခင်လက အခြေအနေ တစ်ခုကြောင့်  စိတ်ပူပန်သောက ရောက်ခဲ့ကြရသူ တနင်္လာ သားသမီးများ ယခုလတွင် စိတ်အေးချမ်း သာမှုကို ပြန်လည် ရရှိနိုင်သည်။ သို့သော်လည်း ကိုယ်ပင်ပန်း ၊ စိတ်ပင်ပန်းမှုများ ရှိနေဦးမည်။ သို့သော် စိတ်သောက ရောက်နေရသော ကိစ္စများ ပြေလည်သွားနိုင်လိမ့်မည်။ ၀င်ငွေ တိုးတက်မည်။ အချို့ တနင်္လာ သားသမီး များတွင် ငွေကြေး မြောက်များစွာ ၀င်ကိန်းရှိသည်။ (သို့မဟုတ်) ယာဉ်ကား အသစ်ဝင်ကိန်း ရှိသည်။ အေးချမ်းလုံခြုံသော စိတ်ပိုင်းဆိုင်ရာ ခံစားမှုမျိုးကို ရရှိလိမ့်မည်။ မိသားစု နှင့်အတူ ပျော်ရွှင်ဖွယ်ကောင်းသော ကိစ္စများ ကြုံတွေ့ရမည်။ ပြည်တွင်း ပြည်ပ ခရီးများ သွားလာရန် ကြံရွယ်သူများ အထမြောက် အောင်မြင်မည်။ ကောင်းသော ခရီးများ သွားလာရမည်။ ရွှေထည်ပစ္စည်း ၀င်ကိန်း (သို့) ရွှေနှင့်ပတ်သက်ပြီး အကျိုးအမြတ်များစွာ ရကိန်းရှိသည်။ ငယ်ရွယ်သူများတွင် အချစ်ရေး နှင့် လိင်ကိစ္စများ ဒွေးရော ယှက်တင်ဖြစ်နေမည်။ အချစ်သစ်လည်း တွေ့နိုင်သည်။ ကျောင်းသူကျောင်းသားများ ပညာရေးတွင် ကြိုးစားသလောက် မအောင်မြင်ဘဲ ဖြစ်နေမည်။  ဟော်တယ် နှင့် ခရီးသွားလုပ်ငန်း ၊ ယာဉ်ကားလုပ်ငန်း ၊ ငွေကြေးရောင်းဝယ်ဖောက်ကားမှု လုပ်ငန်း ၊ ရွှေလုပ်ငန်း ၊ မွေးမြူရေးလုပ်ငန်း ၊ ရေထွက်ပစ္စည်း လုပ်ငန်း လုပ်ကိုင်သူများ အကျိုးများနိုင်သည်။
ယခုလအတွက် နာမည်တွင် တနင်္လာ စ,ပြီး – တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာနံများဖြင့် ပိတ်ထားသူများ ကံဇာတာ အထူးတိုးတက်ကောင်းမွန်နိုင်သည်။ ကြာသပတေးနံဖြင့် ပိတ်ထားသူများ အိမ်တွင်းရေး ပြဿနာအနည်းငယ် ရှိနိုင်သည်။ တနင်္ဂနွေ ၊ အင်္ဂါ ၊ စနေ နံများဖြင့် ပိတ်ထားသူများ ကံကောင်းမှုများကို လျော့နည်း ခံစားရဖွယ် ရှိသည်။ မည်သို့ပင်ဖြစ်စေ ယခုလတွင် တနင်္လာသားသမီး အများစုမှာ ကံကောင်းမှုသာ ပိုမိုများပြားဖွယ် ရှိပါလိမ့်မည်။
ယတြာပြုလုပ်လိုပါက – ဗုဒ္ဓဟူးနေ့ နံနက်စောစောတွင် မိမိနေအိမ်ဘုရားတွင် ပန်းသီး နှင့် ဆွမ်းတော်ကပ်လှူပေးပါ။ ထို့နောက် ဘုရားစင်ကို သန့်ရှင်းရေး ပြုလုပ်ပေးပါ။
.
အင်္ဂါ သားသမီးများ
.
ယခုလအတွက် အင်္ဂါသားသမီးများ ကံဇာတာ အကောင်းထက် အညံ့ပိုများ နေမည်။ ငွေကြေးကိစ္စအတွက် ပူပင်သောက များနိုင်သည်။ မိမိလုပ်ကိုင်ရမည့် ကိစ္စရပ်များတွင် ငွေကြေး မနိုင်နင်းမှုမျိုး ကြုံနိုင်သည်။ ယာဉ်ကား ကိစ္စအတွက် လည်း စိတ်သောက ရောက်ရကိန်း ရှိနိုင်သည်။ အိမ်ထောင်ဘက် (သို့) အကြီးအကဲ (သို့) ဖခင် ဖြစ်သူ ကျန်းမာရေး ညံ့တတ်သည်။ သို့မဟုတ် အိမ်ထောင်ဘက်ဖြစ်သူ၏ ငွေကြေးပြဿနာများကို ဒိုင်ခံဖြေရှင်းနေရမည်။ အိုးအိမ်ရောင်းလိုသူများ အောက်ဈေးနှင့် ရောင်းထွက်ကိန်း ရှိမည်။ ယခုလတွင် ယုံကြည်ချက် လွန်ကဲစွာဖြင့် လုပ်ကိုင်ဆောင်ရွက်မှုများ အလွဲလွဲ အချော်ချော် ဖြစ်နိုင်သောကြောင့် အကောင်းမြင်ဝါဒ မလွန်ကဲရန် လိုပေမည်။ အထူးသဖြင့် ယာဉ်ကားကိစ္စ ၊ ငွေကြေးကိစ္စ ၊ အိုးအိမ်ကိစ္စများတွင် အလွဲလွဲ အချော်ချော် ဖြစ်တတ်သည်။ မကောင်းသော ဂြိုဟ်သက်ရောက်အတွင်း ရောက်နေသူများ အမှုအခင်းကိစ္စများ ကြုံဆုံရဖွယ် ရှိသည်။ ငယ်ရွယ်သူများ မိဘများ၏ အိမ်တွင်းရေး မပြေလည်မှုကြောင့် စိတ်ညစ် စိတ်ဆင်းရဲရမည်။ မိမိအလုပ်အကိုင်တွင် ငွေစာရင်း ကွာဟမှုများ ကြုံရတတ်သည်။ စစ်ဘက် ဆေးဘက် ဆိုင်ရာများတွင် အလုပ်လုပ်နေသူများမှ အပ ကျန်သော လုပ်ငန်းကိုင်ငန်းများတွင် ထင်တိုင်းမပေါက်ဖြစ်နေမည်။ သို့သော် ယခုလတွင် ကျန်းမာရေးကိစ္စ ပူပင်ရန် မရှိပေ။ ရောဂါရှိသူများပင် ကျန်းမာရေး တိုးတက်နိုင်သော လ, ဖြစ်မည်။
ယခုလအတွက် နာမည်တွင် – အင်္ဂါ စ, ပြီး တနင်္ဂနွေ ၊ ကြာသပတေး ၊ သောကြာ နံများဖြင့် ပိတ်ထားသူများ ကံဇာတာ အညံ့ဖက်တွင်များမည်။ တနင်္လာ နံ ပိတ်ထားသူများ အတိုက်အခံများမည်။ ငွေကြေး ပြဿနာ ကြုံရဖွယ် ရှိသည်။ စနေနံ ပိတ်ထားသူများ အိမ်တွင်းရေး ၊ အိမ်ထောင်ရေး ပြဿနာ ရှိနိုင်သည်။ အင်္ဂါ နှင့် ဗုဒ္ဓဟူးနံ ပိတ်ထားသူများသာလျှင် ယခုလတွင် ကံအညံ့များ နည်းပါးကင်းလွတ်ဖွယ် ရှိနိုင်သည်။
ယတြာပြုလုပ်လိုပါက -  နေအိမ်ဘုရားတွင် အုန်းစိမ်းရေ တစ်ခွက် ၊ ကြံရည် တစ်ခွက် ပူးတွဲကပ်လှူပြီး နေအိမ်၏ အနောက်အရပ်သို့ သွားရောက် စွန့်(သွန်) ပစ်လိုက်ပါ။
.
ဗုဒ္ဓဟူး သားသမီးများ
.
ယခုလအတွက် ဗုဒ္ဓဟူး သားသမီးများ၏ ကံဇာတာ တိုးတက်ကောင်းမွန်ရန် အလားအလာ များပြားနေပါသည်။ တနည်းနည်းဖြင့် နာမည်ကျော်ကြားကိန်း ၊ နာမည်ကောင်း ထွက်ကိန်း ရှိနိုင်သည်။ အနုပညာရှင်များ ၊ နာမည်ဖြင့် လုပ်စားသူများ နာမည်အလွန်ကြီးနိုင်သော လ, တစ်လ ဖြစ်နိုင်သည်။ ငွေကြေးကံ ကောင်းမည်။ ၀င်ငွေ တိုးတက် များပြားမည်။ ယာဉ်ကား အသစ်ဝင်နိုင်သည်။ အချို့သော ဗုဒ္ဓဟူးသားသမီးများ ထီပေါက်ခြင်း (သို့) ထီပေါက်သကဲ့သို့ ငွေဝင်ကိန်း ရှိနိုင်သည်။ စက်ပစ္စည်း ၊ အိမ်အသုံးအဆောင် အီလက်ထရောနစ်ပစ္စည်းများ ၀င်ကိန်း ရှိသည်။ မိမိလက်အောက်ဝန်ထမ်း (သို့) သားသမီးများနှင့် ပတ်သက်ပြီး ဂုဏ်ယူစရာ ကိစ္စများ ကြုံရနိုင်သည်။ စာပေ အနုပညာ နှင့် အသက်မွေးသူများ နာမည်တစ်လုံးထွက်မည်။ စာအုပ်စာပေ ၊ စာချုပ်စာတန်း ကိစ္စများနှင့် ပတ်သက်ပြီး ကံကောင်းမှု ခံစားရမည်။ ခရီးသွားလာရေးကိစ္စများတွင်မူ ကံမကောင်းနိုင်သေးပါ။ ခရီးစဉ်များ ပျက်ပြားခြင်း (သို့) ခရီးသွားလာစဉ် အခက်အခဲ ပြဿနာကြုံခြင်းများ ရှိနိုင်သည်။ ယခုလ ခရီးမသွားသင့်။ နာတာရှည်ရောဂါသည်များ ကျန်းမာရေး တိုးတက် ကောင်းမွန်မည်။ ဆေးကောင်း ဆရာကောင်း တွေ့မည်။ အိမ်ထောင်ဘက်၏ ကျန်းမာရေး အနည်းငယ် ဂရုစိုက်ပါ။ ချစ်သူရှိသူများ ချစ်သူနဲ့ မကြာခဏ ကတောက်ကဆဖြစ်နေမည်။ ခြုံပြောရလျှင် ယခုလသည် ဗုဒ္ဓဟူးသားသမီးများ အတွက် ကံဇာတာ အကောင်းဘက်တွင် အလွန်များနိုင်သည့် လ, တစ်လ ဖြစ်ပေလိမ့်မည်။
ယခုလအတွက် – နာမည်တွင် ဗုဒ္ဓဟူး စ, ပြီး တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ စနေ နံ များဖြင့် ပိတ်ထားသူများ ကံဇာတာ သိသာထင်ရှားစွာ ကောင်းမွန်နိုင်သည်။ သောကြာ နံဖြင့် ဆုံးသူများ ဘေးဥပဒ် အနည်းငယ် ရှိသည်။ တနင်္ဂနွေ ၊ ကြာသပတေး နံများဖြင့် ပိတ်ထားသူများ ကံကောင်းမှု လျော့နည်းနိုင်သည်။
ယတြာပြုလုပ်လိုပါက – ချို့တဲ့သော ကလေးငယ် တစ်ဦးကို “ကိုကာကိုလာ” အချိုရည်တစ်ဗူး ၀ယ်တိုက်ပြီး ဒါနပြုလိုက်ပါ။
.
ကြာသပတေး သားသမီးများ
.
ယခုလအတွက် – ကြာသပတေးသားသမီးများ ကံဇာတာ ညံ့သည်ဟု မဆိုနိုင်သော်လည်း ပြဿနာ အလွန်များနိုင်သည့် လ, တစ်လ ဖြစ်နိုင်ချေ ရှိသည်။ အထူးသဖြင့် ငွေကြေးကိစ္စ ၊ အိမ်ထောင်ရေး ကိစ္စများတွင် ပြဿနာ အလွန်များ နိုင်သည်။ အိမ်တွင်းရေး မပြေမလည် ဖြစ်မည်။ အိမ်ထောင်ဘက်နှင့် ခိုက်ရန်ဖြစ်ပွား အချင်းများဖွယ် ရှိနိုင်သည်။ အထူးသဖြင့် ယခုလတွင် ကြာသပတေး နှင့် အင်္ဂါအတွဲအဖက် အိမ်ထောင်ရှင်များ ၊ အစုရှယ်ယာရှင်များ၊ လုပ်ငန်း အတူတွဲဖက် လုပ်ကိုင်သူများ အချင်းများကိန်း ရှိနိုင်သည်။ သို့မဟုတ် အိမ်ထောင်ဘက်၏ ကျန်းမာရေးကြောင့် စိတ်သောက ရောက်ရဖွယ် ရှိသည်။ အိမ်ထောင်မကျသေးသော ချစ်သူစုံတွဲများတွင်လည်း ပြဿနာများနိုင်သည်။ ခရီးနှင့် ပတ်သက်သော ကိစ္စများတွင်မူ ကံကောင်းနိုင်သည်။ မမျှော်လင့်ဘဲ ခရီးတစ်ခု ထွက်ရကိန်း ရှိသည်။ ကျောင်းသူကျောင်းသားများ ပညာရေးကံ တိုးတက်ကောင်းမွန်နိုင်မည်။ သူတစ်ပါး၏ ငွေကြေးများကို ကိုင်တွယ်ထိန်းသိမ်းနေရသူများ ယခုလ တွင် အထူးသတိထားပါ။ ငွေကြေးကွာဟာမှု ၊ စာရင်း ကွာဟမှုများ ၊ ပျောက်ဆုံးမှုများ ဖြစ်တတ်သည်။ သက်ရောက်ဂြိုဟ် ညံ့သော အသက်ပိုင်းများတွင် ရောက်နေသူများ ယာဉ်ကား မတော်တဆဖြစ်မှုများ သတိပြုပါ။ Accident ဖြစ်ဖွယ်ရှိသည်။
ယခုလအတွက် နာမည်တွင် – ကြာသပတေး စ, ပြီး တနင်္လာ ၊ အင်္ဂါ နေ့နံများဖြင့် ပိတ်ထားသူများ ပြဿနာ အလွန်များနိုင်သည်။ တနင်္ဂနွေ နှင့် စနေ နံများဖြင့် ပိတ်ထားသူများလည်း ကံမကောင်းနိုင်သေးပါ။ ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ သောကြာနံများဖြင့် ပိတ်ထားသူများသာ ကံဇာတာ အညံ့ နည်းပါးဖွယ် ရှိနိုင်သည်။
ယတြာပြုလုပ်လိုပါက -  ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ဟင်းခပ်“ဇွန်း” အချောင်းရေ သက်စေ့ လှူဒါန်းလိုက်ပါ။ ထို့နောက် တိရိစ္ဆာန်ဥယာဉ်သို့ သွား၍ “ဆင်” တစ်ကောင်ကို “ကြံ” အချောင်းရေ သက်စေ့ ကျွေးမွေးလိုက်ပါ။
.
သောကြာ သားသမီးများ
.
ယခုလအတွက် –  သောကြာသားသမီးများတွင်လည်း ငွေကြေးပြဿနာ နှင့် အိမ်ထောင်ရေး လိင်ကိစ္စ အရှုတ်အထွေးများ ကြုံဆုံရဖွယ် ရှိနေသည်။ အိမ်ထောင်ရေးတွင် နဂိုကတည်းက “ဇ” ရှိသူများ ယခုလတွင် အရှုတ်အထွေးများ ဖြေရှင်း ရမည်။ အိမ်ထောင်ရေး လျှို့ဝှက်ရှုတ်ထွေးသူများ အရှုတ်ဇာတ်လမ်းများကြောင့် နာမည်ပျက်ကိန်း အရှက်တကွဲ ဖြစ်ကိန်း ကြုံနိုင်သည်။ အင်တာနက်ပေါ်တွင် မဖွယ်မရာကိစ္စများ အတင်ခံရတတ်သည်။ အချို့ ကာမဂုဏ်လိုက်စားသူများ ဤကာလတွင် ရောဂါဆိုးများ ရတတ်သောကြောင့် သတိအထူးပြုပါ။ အိမ်တွင်းရေး မသာမယာဖြစ်နေမည်။ လုပ်ငန်းခွင်အတွင်း၌လည်း မညီညွတ်မှုများ၊ စိတ်ဝမ်းကွဲမှုများ ၊ အတိုက်အခိုက်များ ကြုံတွေ့ တတ်သည်။ ထူးခြားသည်မှာ ယခုလတွင် သောကြာသားသမီးများအတွက် ပြဿနာများသော လ, ဖြစ်နိုင်သော်လည်း မိမိလုပ်ကိုင်သော အလုပ်များမှာ ထူးထူးခြားခြား အောင်မြင်နေလိမ့်မည်။ တနည်းနည်းဖြင့် နာမည်ကျော်ကြားနေလိမ့်မည်။ နာမည် အကောင်း/အဆိုး တစ်ခုခုဖြင့် ကျော်ကြားကိန်း ရှိနေသည်။ ငွေကြေးကံ မကောင်းနိုင်သေးပါ။ ငွေကြေး အလုံးအရင်း ဆုံးရှုံးကိန်း ၊ ထွက်ကိန်း ရှိနေသည်။ သို့မဟုတ် အိုးအိမ်ယာဉ်ကား တစ်ခုခုတွင် ရင်းနှီးမြုတ်နှံခြင်းမျိုးလည်းဖြစ်နိုင်သည်။ လက်ထဲတွင် ငွေမမြဲနိုင်ပါ။ ကျန်းမာရေး ထူးထူးခြားခြား ညံ့ကိန်းမရှိသော်လည်း (အိမ်ထောင်ရှင်များ) အိမ်ထောင်ဘက်၏ ကျန်းမာရေး ညံ့နိုင်သည်။
ယခုလအတွက် – နာမည်တွင် သောကြာ စ,ပြီး တနင်္လာ ၊ ဗုဒ္ဓဟူး နေ့နံများဖြင့် အဆုံးပြုထားသူများ ကံဇာတာ နိမ့်ပါး နေတတ်သည်။ နာမည်ပျက်ကိန်း ရှိသည်။ ကြာသပတေး ၊ စနေနံများဖြင့် ပိတ်ထားသူများလည်း ကံမကောင်း တတ်ပါ။ သောကြာ စ, ပြီး တနင်္ဂနွေ ၊ အင်္ဂါ ၊ သောကြာနံများဖြင့် ပိတ်ထားသူများသာ ယခုလတွင် ကံကောင်းမှုများကို မျှော်လင့် နိုင်ပါသည်။ နာမည်ကောင်းဖြင့် ကျော်စောကိန်း ရှိတတ်ပါသည်။
ယတြာပြုလုပ်လိုပါက – ထေရ်ကြီးဝါကြီး ရဟန်းတော် တစ်ပါးအား ထီး၊ ဖိနပ် ၊ သင်္ကန်း ၊ သပိတ် (ပရိက္ခရာ ၈ ပါး) ကို လှူဒါန်းလိုက်ပါ။ ထို့နောက် နွမ်းပါးသော ကလေးငယ်တစ်ဦးကို အ၀တ်အစား တစ်စုံ ပေးကမ်းလှူဒါန်းလိုက်ပါ။ ပြီးလျှင် မိမိနေအိမ်ရှိ ဖိနပ် အဟောင်း ၊ အစုတ်များအားလုံးကို စွန့်ပစ်လိုက်ပါ။
.
စနေ သားသမီးများ
.
ယခုလအတွက် -  စနေသားသမီးများ ကံဇာတာ အကောင်း ရှိသလို အညံ့လည်း ရှိမည်။ ရောထွေးသော ကံကြမ္မာ ရှိမည်။ ကျန်းမာရေး အထူးသတိပြုရမည်။ ရုတ်တရက် ကျန်းမာရေး ထိခိုက်တတ်သည်။ နာတာရှည်ရောဂါ ရှိသူများ ရောဂါ တိုးတတ်သည်။ အရိုးအကြောရောဂါ ၊ ခါးနာခြင်းများ ဖြစ်တတ်သည်။ ရင်/၀မ်းကို ဥပဒ်ပေးတတ်သည်။ ကောင်းသော အချက်မှာ ခရီးသွားလာခြင်း နှင့်  ပတ်သက်ပြီး ကံကောင်းမည်။ ပြည်တွင်းခရီး နိုင်ငံခြား ခရီးများ ထွက်ရဖွယ်ရှိသည်။ နိုင်ငံရပ်ခြား နှင့် ပတ်သက်သော ကိစ္စများတွင် ကံကောင်းတတ်သည်။ ငွေကြေးကံကောင်းနေမည်။ ၀င်ငွေ တိုးတက်များပြားတတ်သည်။ ယဉ်ကား ၀ယ်ယူရန် ကြံရွယ်နေသူများ အထမြောက်အောင်မြင်မည်။ ငယ်ရွယ်သူများ အချစ်ရေးကိစ္စ အဆင်မပြေတတ်ပါ။ မိမိချစ်သူနှင့် စကားအခြေအတင် မကြာခဏဖြစ်မည်။ သို့သော် ချစ်သူမရှိသေးသူများတွင် အချစ်သစ် တွေ့တတ်သည်။ ကျောင်းသူကျောင်းသားများ ပညာရေးကံ မကောင်းလှသေးပါ။ စစ်ဘက်ဌာန ၊ ဆေးဝါးဘက်ဆိုင်ရာ  ၊ စက်မှုလက်မှုလုပ်ငန်း ၊ ယာဉ်ကား နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ၊ ဟော်တယ်နှင့် ခရီးသွားလာရေး လုပ်ငန်းလုပ်သူများ အကျိုးများမည်။ အနုပညာလုပ်ငန်းလုပ်သူများ အောင်မြင်မည်။
ယခုလအတွက် – နာမည်တွင် စနေ စ, ပြီး တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ စနေနံများဖြင့် ပိတ်ထားသူများ ကံဇာတာ အညံ့ကိန်း ပိုများသည်။ အထူးသဖြင့် တနင်္ဂနွေ နှင့် ကြာသပတေးနံ ပိတ်သူများ ကျန်းမာရေး နှင့် မတော်တဆ ထိခိုက်မှု များ သတိပြုပါ။ စနေ စ,ပြီး တနင်္လာ ၊ အင်္ဂါ ၊ သောကြာ နံ ပိတ်ထားသူများ ကံကောင်းတိုးတက်မှုများ ရရှိနိုင်သည်။
ယတြာပြုလုပ်လိုပါက – စနေနေ့ နံနက်စောစောတွင် မိမိနေအိမ်ဘုရားတွင် ပေါင်မုန့်တစ်ချပ်ကို ထောပတ်သုတ်ပြီး လဘ္ဘက်ရည်တစ်ခွက် နှင့် အတူ ကပ်လှူပူဇော်ပြီး နေအိမ် မြောက်ဘက်အရပ်သို့ စွန့်ပစ်လိုက်ပါ။ တစ်လလုံး (၃) ကြိမ် အနည်းဆုံး ပြုလုပ်ပါ။
.
ရာဟု သားသမီးများ (ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမွေးသူများ)
.
ယခုလအတွက် ရာဟုသားသမီးများ၏ ကံဇာတာသည် ဗုဒ္ဓဟူးသားသမီးများနှင့် ဆင်တူခြင်း မရှိချေ။ ယခုလတွင် ရာဟုသားသမီးများ(အထူးသဖြင့် နေ၀င်ချိန်နောက်ပိုင်းမွေးသူများ) ကံဇာတာ အညံ့များ နိုင်သည်။ ကျန်းမာရေး နှင့် အိမ်ထောင်ရေး ကို အထူးဂရုပြုပါ။ ကျန်းမာရေး ရှောင်တခင် ဖြစ်တတ်သည်။ ငယ်ရွယ်ကျန်းမာသူများ ပင် ကျန်းမာရေး ထိခိုက်တတ်သည်။ အိမ်ထောင်ရေး ပြဿနာ အရှုပ်အရှင်းပေါ်မည်။ ငွေကြေး ပြဿနာ အရှုပ်အရှင်း ပေါ်မည်။ အထူးသဖြင့် ယခုလသည် အိမ်ထောင်ရေး ရှုတ်ထွေးသူများ ၊ ငွေကြေး မသမာမှုများ ပြုလုပ်ထားသူများ ပြဿနာ ရင်ဆိုင်ရမည့် လ, ဖြစ်နိုင်သည်။ ထိုအရှုတ်အထွေးများ ကင်းလျှင် ကျန်းမာရေး တစ်ခုသာ အထူးသတိပြုပါ။ ယာဉ်ကားမတော်တဆဖြစ်နိုင်၍ သတိအထူးထားပါ။ ယခုလတွင် ရာဟု (ညဖက်မွေးသူများ) အတွက် ရတနာ သုံးပါး (သို့) မိမိကိုးကွယ်ရာ ဘာသာတရားကို အထူးမြဲမြံစွာ ဆည်းပူးပါလေ။ ကံအလွန်ညံ့နိုင်ပါသည်။
ယခုလအတွက် နာမည်တွင် ဗုဒ္ဓဟူး(ရာဟု) စ,ပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး နံများဖြင့် ပိတ်ထားသူများ ကံဇာတာ အထူးညံ့ဖွယ် ရှိနိုင်ပါသည်။ အင်္ဂါ ၊ သောကြာ ၊ စနေ နံများဖြင့် ပိတ်ထားသူများ ကံအညံ့ သက်သာပါမည်။ နေမ၀င်ခင် မွေးသော ရာဟုဖွားများသည် ဗုဒ္ဓဟူး၏ အင်အားများ ပါဝင်နေသေးသောကြောင့် ကံဇာတာ ညံ့မှု သက်သာပါလိမ့်မည်။ ကိုယ်ကျင့်တရားကောင်းမွန်ပြီး ကောင်းသော အသက်မွေးမှုရှိလျှင် ဗုဒ္ဓဟူးသားသမီးများ၏ ကံကောင်းမှုများကို တစ်စိတ်တစ်ပိုင်း ရရှိနိုင်ပါလိမ့်မည်။
ယတြာပြုလုပ်လိုပါက – မွေးနေ့ ဗုဒ္ဓဟူးနေ့တွင် ငါးအရှင် သက်စေ့ ၊ ငှက်အရှင် သက်စေ့ လွှတ်ပါ။ ငါးကို အမှန်တကယ် အသတ်ခံရမည့် ငါးများကိုသာ လွှတ်ရန်ဖြစ်ပါသည်။ ထိုသို့ ပြုလုပ်ရန် အခက်အခဲရှိပါက မိဘမဲ့ကျောင်းတစ်ခုတွင် ကလေးငယ်များအား “ကြက်သားဆန်ပြုတ်” နှင့် “အချိုရည်” များကို သွားရောက်လှူဒါန်းကျွေးမွေးလိုက်ပါ။
မှတ်ချက်။           ။ ရာဟုဆိုသည်မှာ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းပင်ဖြစ်သောကြောင့် ဗုဒ္ဓဟူး သားသမီးများ၏ ကံဇာတာ အကျိုးသက်ရောက်မှုကို “တစ်ဝက်” အကျိုးခံစားခွင့် ရှိသည်ဟု ပုံသေ မှတ်ယူရမည်။ ယခုလတွင် ရာဟုဖွားများ ကံဇာတာ အလွန်ညံ့တတ်သော်လည်း ဗုဒ္ဓဟူးဖွားများ ကံဇာတာကောင်းခြင်းကြောင့် ကံကောင်းမှုကို “တစ်ဝက်” အကျိုးခံစားခွင့် ရှိပါသည်။
.
(၇)ရက်သားသမီးအားလုံး ဘေးရန်ကင်းကွာ ချမ်းသာကြပါစေသတည်း။

ဒေါက်တာတင်ဗိုလ်ဗိုလ်  (ကွန်ပျူ-ဗေဒ သုခုမ)

နာမက္ခရ နှင့် ဟူးရားအကြံပေး ပညာရှင်


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်