Friday, December 21, 2012

သရုပ်ဆောင်မေဇွန်အမှုမှသက်သေနှစ်ဦးအား အနောက်ပိုင်းခရိုင် တရားရုံး၌ စစ်ဆေးပြီ

Posted by drmyochit Friday, December 21, 2012, under | No comments


အိမ်ဖော် အမျိုး သမီးအား သတ်မှုဖြင့် တရားစွဲ ခံထားရသော သရုပ်ဆောင်မေဇွန်အမှုမှ သက်သေနှစ်ဦး အား ဒီဇင်ဘာ ၂၀ ရက် နံနက်က အနောက်ပိုင်း ခရိုင် တရားရုံးတွင် စစ်ဆေး ခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ သက်သေနှစ်ဦးမှာ သရုပ်ဆောင် မေဇွန်အား ပုသိမ်မြို့သို့ ကိုယ်ပိုင် အငှား ယာဉ်ဖြင့် လိုက်ပို့ပေး ခဲ့သော ဦးမြတ်သူနှင့် အခင်းဖြစ် ပွားစဉ် ကမာရွတ် စခန်းမှူးမှ သက်သေ အဖြစ် လိုက်ပါရန် တောင်းဆိုခံ ခဲ့ရသော ဦးနိုင်လင်းဇော်တို့ ဖြစ်သည်။

ကိုယ်ပိုင် အငှား ယာဉ်မောင်း ဦးမြတ်သူ၏ ထွက်ဆို ချက်တွင် လွန်ခဲ့သော သုံးလခန့်က မိမိအား သရုပ်ဆောင် မေဇွန်မှ ပုသိမ်မြို့သို့ စာမေးပွဲဖြေဆိုရန် ကားငှားလိုကြောင်း ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး မိမိ အသိ မိတ်ဆွေ များနှင့် ရင်းနှီးမှု ရှိသဖြင့် မိမိမှာလည်း လက်ခံခဲ့ကြောင်း၊

ဖုန်းဆက်ပြီး နောက်တစ်နေ့ ခရီးထွက်ဖြစ်ကြောင်း၊ ခရီးမထွက်မီ မေဇွန်မှာ လပြည့်ဝန်းပလာဇာ၌ ကြေညာ ရိုက်ကူးနေ သဖြင့် သွားရောက်ခဲ့ပြီး လပြည့်ဝန်းပလာဇာမှတစ်ဆင့် ၄င်းတိုက်ခန်းသို့ သွားရောက်ခဲ့ကြောင်း၊

၎င်းတိုက်ခန်း အရောက် တိုက်ခန်းသို့ ညွှန်ပြပြီး သော့ပေးကာ အောက်သို့ ချထားသော ကြိုးအား ဆွဲချခိုင်း ခဲ့ပြီး မိန်းကလေးနှစ် ဦးစလုံး ထွက်ကြည့် ခဲ့ကြောင်း၊ ယင်းနောက် မိန်းကလေးနှစ်ဦးမှာ အထုပ် အပိုး များဖြင့် ဆင်းလာ ခဲ့ကြောင်း၊

လိုက်ပို့သူ နှစ်ဦးမှာလည်း ကျန်းမာရေးကောင်းသည့် ပုံစံမျိုးဖြစ်ကြောင်း၊ ထို့နောက် အိမ်ဖော် တစ်ဦးဖြစ် သည့် ဇင်ဇင်ထိုက်မှာ မေဇွန်နှင့် လိုက်ပါလာပြီး သေဆုံးသွားသည့် အိမ်ဖော်မှာ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အငှားယာဉ်မှာ လှိုင်သာယာ တိုးဂိတ်အရောက် မေဇွန်မှ လိုက်ပါလာသူ ဇင်ဇင်ထိုက်အား အိမ်သော့ ခတ်ခဲ့သလား၊ အိမ်သော့ ပါသလားဟု မေးမြန်းရာ ဇင်ဇင်ထိုက်မှာ ပါလာခဲ့ကြောင်း၊ အိမ်တံခါး နှစ်ချပ်လုံးအား ပိတ်ထားခဲ့ကြောင်း ၄င်း၏ ထွက်ဆိုချက်အရ သိရသည်။

ယင်းနောက် မေဇွန်မှ တံခါးနှစ်ချပ်လုံး ဘာကြောင့်ပိတ်ခဲ့သလဲဟု ထိပ်ခေါက်ခဲ့ကြောင်းနှင့် မိမိမှာ မည်သို့ သက်သေ အဖြစ် ထွက်ဆိုရခြင်းမှာ လိုက်ပို့ပြီး နှစ်ရက်ခန့်အကြာ ကမာရွတ်ရဲစခန်းမှ ဆက်သွယ် အကြောင်းကြား လာခဲ့ခြင်းကြောင့် ကျန်ရှိခဲ့သည့်အိမ်ဖော် သေဆုံးနေ ရခြင်းကို သိရပါကြောင်း အဆိုပါ ယာဉ်မောင်းမှ ထွက်ဆိုခဲ့သည်။

ကျန်ရှိသည့် သက်သေတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားရာ နေရာသို့ ကမာရွတ်စခန်းမှူးနှင့်အတူ သက်သေ အဖြစ် လိုက်ပါသူ ကိုနိုင်လင်းဇော်၏ ထွက်ဆိုချက်တွင် မိမိမှာ ကမာရွတ်ရဲစခန်းသို့ ကိစ္စတစ်ခုဖြင့် ရောက်ရှိနေစဉ် စခန်းမှူးမှ မှုခင်းတစ်ခု ဖြစ်ပွားသဖြင့် သက်သေအဖြစ် လိုက်ပါဆောင်ရွက်ရန် ခေါ်သဖြင့် လိုက်ခဲ့ရာ ကမာရွတ်မြို့နယ် ဗဟိုလမ်းရှိ အခင်းဖြစ်ပွားရာ တိုက်ခန်းသို့ ရောက်ရှိခဲ့ပြီး တိုက်ခန်း၏ ကြမ်းပြင် တွင် မိန်းကလေးတစ်ဦး သေဆုံးလျက် ရှိနေသည်ကို တွေ့ခဲ့ရကြောင်း၊

ထို့နောက် သေဆုံးသူ အိမ်ဖော်မိန်းကလေးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရန် စီစဉ်ဆောင် ရွက်ခဲ့ကြောင်း၊ ထို့ပြင် ကမာရွတ်ရဲစခန်းမှ မေဇွန်နှင့် ကျန်ရှိသည့် အိမ်ဖော်မလေးအား ခေါ်ဆောင် စစ်ဆေး ခဲ့ကြောင်း၊ အခင်းဖြစ်ပွားပြီး နောက်တစ်နေ့တွင် ကမာရွတ် ရဲစခန်းမှူးမှ ဖုန်းဆက်လှမ်းခေါ် သဖြင့် သွားရောက်ခဲ့ကြောင်း၊

ယင်းတွင် ဇင်ဇင်ထိုက်မှ ၄င်းနှင့်သေဆုံးသူကို ရိုက်နှက်ရာတွင် အသုံးပြုသော သစ်သားတုတ်အရှည် နှစ် x တစ်လက်မကို ပေးအပ်ရာတွင် ၄င်းနှင့်အတူ သက်သေသုံးဦး ဆောင်ရွက်ခဲ့ကြောင်း၊

ထို့ပြင် ကမာရွတ်ရဲစခန်းတွင် စခန်းမှူးကိုယ်တိုင် မေဇွန်အား စစ်ဆေးမေးမြန်းရာတွင် ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးခိုင်း၍ ၄င်းကိုယ်တိုင် ရိုက်ကူးခဲ့ကြောင်း၊

ထိုနောက် ဗီဒီယိုခွေအား အမှုစစ် ရဲအရာရှိက အမှုသက်သေများအက် ဥပဒေဖြင့် မညီညွတ်သဖြင့် သက်သေခံ အဖြစ် လက်မခံနိုင်ကြောင်း ထည့်သွင်းပြောကြားသည်။

ထို့ပြင် မဇင်ဇင်ထိုက်မှ သက်သေခံအဖြစ် ထုတ်ပေးသော သက်သေခံ (က) မှာ အမှန်တကယ်အားဖြင့် ယခုကိစ္စ၌ ပတ်သတ်မှု ရှိ/မရှိ မိမိမှာ မပြောနိုင်ကြောင်း ထွက်ဆိုခဲ့သည်။

ယခု တရားစွဲဆို ခံထားရသော မေဇွန်မှာ MRTV-4 ၏ Flower & Butterfly ဇာတ်လမ်းတွဲတွင် သရုပ်ဆောင် အဖြစ် ရွေးချယ်ခံထားရသူဖြစ်ပြီး ကမာရွတ်မြို့နယ်၊ အမှတ် ၁ ရပ်ကွက် ဗဟိုလမ်းတွင် စက်တင်ဘာ ၁၀ ရက်ညက အိမ်ဖော်မလေး သေဆုံးမှုတွင် မေဇွန်မှာ စိတ်အလိုမကျပါက အိမ်ဖော် များအား ညဉ်းပန်းနှိပ်စက်ခြင်းများ ရှိကြောင်း၊

ပါးရိုက်ခြင်း၊ ဆံပင်ဆွဲဆောင့်၍ ကြမ်းပြင်နှင့် နံရံများဖြင့်ရိုက်ခြင်း၊ ပက်လက်လှန်ခိုင်းပြီး ဗိုက်ပေါ်သို့ တက်ခုန်ခြင်းနှင့် ကိုယ်တိုင်မရိုက်ပါက အိမ်အကူနှစ်ဦးအား ကြက်မွေးတစ်ချောင်းပေး၍ ၄င်းစိတ်ကျေနပ် သည်အထိ ရိုက်ခိုင်းခဲ့ကြောင်း ၀န်ခံချက်အရ သိရသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်