Tuesday, February 26, 2013

လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသည့် နယ်စပ်မြို့နှစ်မြို့တွင် နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးများ ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် သဘောတူ

Posted by drmyochit Tuesday, February 26, 2013, under | No comments


လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသည့် နယ်စပ်မြို့နှစ်မြို့တွင် နှစ်နိုင်ငံ နယ်စပ် ဆက်ဆံရေးရုံးများကိုယခုနှစ်အတွင်း ဖွင့်လှစ်သွားရန် မြန်မာ၊ တရုတ်၊ ထိုင်းနိုင်ငံတို့ သဘောတူထားကြောင်း ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် (၉) ကြိမ်မြောက် မဲခေါင်ဒေသ ခြောက်နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီအစဉ်(COMMIT) အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး တက်ရောက်ခဲ့သည့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့မှ ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းထံမှ သိရသည်။


(၉) ကြိမ်မြောက် မဲခေါင်ဒေသ ခြောက်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီအစဉ်(COMMIT) အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနှင့် တရုတ် တတိယမြောက် နယ်စပ်ဆက်ဆံရေးရုံး(Border Cooperation Against Trafficking in Persons-BCATIP)  ကို ယခုနှစ်အတွင်း ဖွင့်လှစ်သွားရန် စီစဉ်ထားပြီး နယ်စပ်ဆက်ဆံရေး ရုံးများရှိသည့် နှစ်နိုင်ငံ ပြည်နယ်များအတွင်း  လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေး လှုံ့ဆော်မှုများ ပူးပေါင်းဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံ အရေးပေါ် ဖုန်းလိုင်းများ၊ သတင်းအချက်အလက်များ သိရှိအောင် ဖလှယ်ကြရန် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံနှင့် တွေ့ဆုံရာတွင်  မြန်မာနိုင်ငံဘက်ခြမ်း မြဝတီနှင့် ထိုင်းနိုင်ငံ မဲဆောက်တို့တွင် နယ်စပ်ဆက်ဆံရေး ရုံးဖွင့်လှစ်ရန်နှင့် အဆိုပါရုံးကို ယခုနှစ်အတွင်း ဖွင့်လှစ်ရန် သဘောတူခဲ့ကြောင်း၊ ဖွင့်လှစ်မည့်ရက်ကို ထပ်မံ သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လူကုန်ကူးမှုများနှင့် ပတ်သက်၍ သတင်းဖလှယ်ရေးကိစ္စများ၊ လူကုန်ကူးမှု တရားစွဲဆိုရေး ကိစ္စများတွင် နှစ်နိုင်ငံမှ တာဝန်ရှိသူများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ လာမည့်လတွင် ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် တရားရေးမှ တာဝန်ရှိသူများအချင်းချင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန်ကိစ္စများကိုလည်း ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ်အတွင်း လူကုန်ကူးမှု ၁၁၉ မှု ဖြစ်ပွားခဲ့ပြီး ယင်းအမှုများအနက် တရုတ်နိုင်ငံသို့ပို့၍ အဓမ္မ လက်ထပ်ထိမ်းမြားမှုမှာ အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

၂ဝ၁၂ ခုနှစ်အတွင်း ဖော်ထုတ်နိုင်ခဲ့သည့် လူကုန်ကူးမှု ၁၁၉မှုတွင် တရုတ်နိုင်ငံသို့ လူကုန်ကူးမှု ၈၁ မှု၊ ထိုင်းနိုင်ငံသို့ လူကုန်ကူးမှု  ၁၄ မှု၊ ပြည်တွင်းလူကုန်ကူးမှု ၁၉ မှု၊ စင်ကာပူ၊ မလေးရှား၊ ကာတာ၊  အမေရိကန်နှင့် အင်ဒိုနီးရှားနိုင်ငံများသို့ လူကုန်ကူးမှု တစ်မှုစီဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများ တိုက်ဖျက်နိုင်ရန်အတွက် နှစ်နိုင်ငံ/ နိုင်ငံအများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေပြီး မဲခေါင်နိုင်ငံများ ပေါင်းစပ်ပါဝင်သည့် (COMMIT) စီမံကိန်း၊  အာရှ-ပစိဖိတ်ဒေသတွင်း လူကုန်ကူးမှုနှင့် လူမှောင်ခို တားဆီးကာကွယ်ရေးဆိုင်ရာ ဘာလီစီမံကိန်း(Barli Process) များတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်