Tuesday, February 26, 2013

The Voice Weekly Editor သို့ ပေးစာ

Posted by drmyochit Tuesday, February 26, 2013, under | No comments

အယ်ဒီတာခင်ဗျာ ...

ဒီစာကို ကျုပ် ရေးမယ်ရေးမယ်နဲ့ အခုမှ ရေးဖြစ်ပါတယ်။ ဆက်သွယ်ရေးဝန်ကြီး အပြောင်းအလဲ တွေကို ကြည့်ပြီးမှ ရေးရခြင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်သိန်းထွန်း (ငြိမ်း) ကို ၂ နှစ်ခန့် ဆက်သွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ပြီးမှ ဆန္ဒအလျောက် နုတ်ထွက်သွားပြီးနောက် ဘယ်သူ့ကို ခန့်အပ်မလဲဆိုတာ တစ်တိုင်းပြည်လုံး နီးပါး စိတ်ဝင်စားသော ကိစ္စပါ။ 

အခုတော့ သမ္မတဦးသိန်းစိန်က ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ဆက်သွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ရန် ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ပြီးခဲ့သော အပတ်က ဂျာနယ်တွေထဲတွင် ဖတ်လိုက်ရပါတယ်။ နည်းပညာဝန်ကြီး နေရာမှာ နည်းပညာကို တတ်ကျွမ်းနားလည်တဲ့ သူကိုပဲ ခန့်သင့်တယ်လို့ စာရေးဆရာ ဘလော့ဂါ ဆရာနေဘုန်း လတ် က ပြောကြားကြောင်းကို The Voice ယခုအပတ်ထုတ် ဂျာနယ်ထဲမှာ ဖတ်လိုက်ရပါတယ်။ ကျုပ်လဲ ဆရာ နေဘုန်းလတ်ကို အပြည့်အဝ ထောက်ခံပါတယ်။ 

ဥပမာတစ်ခု ပြောရရင် ကာကွယ်ရေးစစ်ဦးစီးချုပ် နေရာမှာ ဘယ်အချိန်ကာလက ဆရာဝန် တစ်ဦးပဲ ဖြစ်ဖြစ်၊ ကျောင်းဆရာတစ်ဦးပဲ ဖြစ်ဖြစ် ခန့်အပ်ခဲ့ ပါသလား။ သိပ်တော်လွန်းလို့၊ သိပ်တတ်လွန်းလို့ ဆိုပြီး ခန့်အပ်လို့ ဖြစ်ပါသလား။ ကျုပ်တို့နိုင်ငံမှာ ဦးနှောက် ယိုစီးမှု များလွန်း ပါတယ်။ ခင်ဗျားက အသက် ၂၀ ဝန်းကျင်လောက် ကတည်းကနေ နှစ် ၃၀ လောက် ဒီဌာန တစ်ခုတည်းမှာ အလုပ်လုပ်လာသူ တစ်ယောက် ရာထူးတိုးတော့မယ့် အချိန်ကျမှ အဲဒီရာထူး အတွက် တခြားလူက အသင့်အခန့်သား ဝင်ယူသွားမယ်ဆိုရင် ခင်ဗျားဘယ်လို ခံစားရမလဲ။ ထိုကဲ့သို့ သာဓကများဟာ ဦးနှောက် ယိုစီးမှုရဲ့ အဓိက ပြစ်ချက်များသာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရအဆက်ဆက် လက်ထက်မှာလဲ ဒီလိုပဲ ဖြစ်ခဲ့တယ်။ ဒီအစိုးရ လက်ထက်မှာလဲ ယခုလိုပဲ ဖြစ်နေမယ်ဆိုရင် သမ္မတကြီးရဲ့ နိုင်ငံခြားမှာ နေထိုင်နေသူ များကို ပြန်ခေါ်နေပြီး မြန်မာပြည်မှာ အလုပ်ပြန်လာ လုပ်ကြရအောင် လို့ဆိုတဲ့ စိတ်ကူးဟာ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ မြင်မိပါတယ်။

ပြီးတော့ ဆက်သွယ်ရေး ဌာနက အကြီးတန်း အရာရှိတွေကို ငွေကြေး ဆိုင်ရာ ပြဿနာများ ပေါ်ပေါက်သောကြောင့် ပြည်ထဲရေး ဌာနမှ ခေါ်ယူ စစ်ဆေးနေကြောင်းကိုလဲ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ် က ပြောကြားသည်ကိုလဲ ဖတ်ရပါတယ်။ ဒီနေရာမှာ ကျုပ်ဟို တစ်လောက ဒေါ်အောင် ဆန်းစုကြည် ပြောသော စကားကို သွားပြီး ကြားယောင်မိပါတယ်။ သူမက ဆရာဝန် လုပ်မယ်ဆိုရင် စီးပွားရေး မလုပ်နှင့်ဟု ပြောခဲ့တယ်။ ကျွန်တော် ဖြည့်စွက် ပြောချင် ပါတယ်။ စီးပွားရေး လုပ်မယ်ဆိုရင် အစိုးရအလုပ် မလုပ်နှင့် ဟုပဲ ပြောစေချင်ပါတယ်။ 

ကျုပ်က ဆရာဝန် တစ်ယောက်ပါ။ အပြင် ဆေးခန်းလေး ဖွင့်ပြီး နေထိုင်နေခြင်းဖြစ်ပါတယ်။ ဒါကို စီးပွားရေး ဟု သတ်မှတ်ပါက ကျုပ်တို့ ထမင်းမစားဘဲ နေဖို့ ကြိုးစားရတော့မယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတာကို မှားတယ် လို့ ပြောတာတော့ မဟုတ်ပါဘူး။ ကျုပ်တို့ ခင်ဗျားတို့ အကုန် သိပါတယ်။ တချို့အစိုးရ ဆေးရုံတွေ ဟာ ပြည်သူတွေကို ဘယ်လောက် အကျိုးပြုတယ် မပြုဘူး ဆိုတာကိုပါ။ အဲဒါကလဲ အဲဒီဆေး ရုံရဲ့ ဆေးရုံအုပ်နဲ့ပဲ သက်ဆိုင်ပါ တယ်။ ဆေးရုံအုပ် ကောင်းလျှင် အဲဒီမြို့က ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး ကောင်းမည်။ မကောင်းပါက သူ့တွင်သာ အပြစ်ရှိသည်ဟု ကျုပ်ကတော့ မြင်မိတယ်။ 
မြို့တစ်မြို့ရဲ့ ဆေးရုံ ဟာ ကောင်းလားမကောင်းလား ဆိုတာ အဲဒီမြို့က ဆိုက်ကားသမားကို မေးကြည့်လျှင်တောင် သိနိုင်ပါတယ်။ 

ကျုပ်က ဒေါ်အောင်ဆန်းစုကြည် ကို ဖြည့်ပြီး ပြောစေချင်ပါတယ်လို့ အကြံပြုတာပါ။ တစ်နေ့နေ့တော့ ဘယ် သူဟာ မှန်တယ်မှားတယ်လို့ ဆိုတာ အဖြေတော့ ပေါ်လာမှာပါ။ လွှတ်တော် ကိုယ်စားလှယ်ကြီးများ ဟာလည်း ပြည်သူတွေက တင်မြှောက်ထားတဲ့ အတွက် ပြည်သူတွေရဲ့ ဆန္ဒက ဘယ်လို ရှိတယ်ဆို တာ လူကြီးမင်းတို့ သိနိုင်ပါစေလို့ ဆုတောင်းလိုက် ပါတယ်။

အမည်မဖော်လိုသူ ဆရာဝန်တစ်ဦး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်