Tuesday, February 26, 2013

မူးယစ်ဆေးပြဿနာကို လျှော့မတွက်ကြနဲ့

Posted by drmyochit Tuesday, February 26, 2013, under | No comments

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ထိုင်းနိုင်ငံ က ဆယ်ကျော် သက် လူငယ်တွေကြားမှာ မူးယစ်ဆေးပြဿနာ အကြီး အကျယ် ဖြစ်ပွားခဲ့တယ်။  အဲဒီတုန်းက ထိုင်းအစိုးရ တာဝန်ရှိ သူတွေ ကိုယ်တိုင် ခေါင်းခြောက်ခဲ့ရတဲ့ ကိစ္စပါ။ အခုတော့ ထိုင်းမှာ အဲဒီ အသံမကြားရတော့ဘဲ မာဂျေတို့နိုင်ငံက လူငယ်တွေကြား မှာ မူးယစ်ဆေး စွဲတဲ့ ပြဿနာ ကတဖြည်းဖြည်း ကြီးထွားလာနေပြီ။  သက်ဆိုင်တဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ သတိပြုမိ မပြုမိတော့ မာဂျေလည်း လက်လှမ်း မ မီပေဘူး။ 


ဒါပေသည့် ရန်ကုန်မှာ မူးယစ်ဆေးကို ပေါပေါသီသီဝယ်လို့ ရနေတာ။ ညဘက်လူငယ်တွေ ကလပ်တွေမှာ၊ ဒါမှမဟုတ် သူတို့စုငှားထားတဲ့ အိမ်တွေမှာတွေ့ဆုံပြီး မူးယစ်ဆေးကို အုပ်စုဖွဲ့ သုံးနေကြ တာ ကြောက်စရာ ကောင်းလောက်အောင် ဖြစ်နေပြီ။  လက်တွေ့ပြောရရင် ပြီးခဲ့တဲ့အပတ် က မြရိပ်ညိုမှာ ရှိုးပွဲလုပ်တယ်။ စပွန်ဆာ ပေးတဲ့ ဆီလီဗင်းကမာဂျေနဲ့ လက်ဝှေ့ပွဲ တွေလုပ်နေကျဆိုတော့ လှမ်းဖိတ်လို့ သွားခဲ့တယ်။ မြရိပ်ညိုအ၀င်ဝမှာတော့ထုံးစံအတိုင်း အ၀င်ကားတွေ အထွက်ကားတွေ ကျပ်နေတယ်။  

အဲဒီအချိန်မှာ လူငယ်တစ်စုက သူတို့ကားထွက်တာ လမ်းတွေပိတ်နေရပါ့မလားဆိုပြီး ကား ပေါ်ကဆင်းလို့ လမ်းတစ်လျှောက် အ၀င် ကားတွေကို မအေနဲ့ ငါနဲ့ ကိုင်တုတ်ပါ တော့တယ်။  ကားတန်းကြီးရဲ့နောက်ဆုံးမှာက မာဂျေရဲ့ကားဆိုတော့ ဒီပြဿနာ ငါမှမရှင်းရင် မရပေတော့ဘူးဆိုပြီး ကားကို နောက်ဆုတ်ပေးလိုက်တယ်။ ဘယ်အထိဆုတ်ပေးရသလဲဆိုရင် ကမ္ဘာအေးဘုရားလမ်း ပေါ်က မီးပွိုင့်အထိပေါ့။  တကယ်ဆိုရင် အဲဒီချာတိတ်တွေက မာဂျေ့ကိုလာပြီး ကျေးဇူးတင်ပါတယ် ပြောရမှာ။ 

ဒါပေသည့်လက်တွေ့မှာ တော့ အဲဒီလိုမဟုတ်ဘဲ အဲဒီချာတိတ် တွေက မာဂျေ့ကားနားလာပြီး တစ်ချိန်လုံးလက်ညှိုးထိုးပြီး ဆဲကြပါလေရော။  ထုံးစံအတိုင်း သူတို့ရဲ့ ယုတ်မာညစ်ညမ်းတဲ့ ဆဲနည်းတွေနဲ့ပေါ့။ အဲဒီလိုလာဆဲ နေလို့ဒီကလေးတွေကို ကလေကချေလို့ မပြောရပါဘူး။ သူတို့စီးတဲ့ကားက နောက်ဆုံးပေါ် ၇ဃ နံပါတ်နဲ့ ကားဗျ။  မာဂျေဆိုတဲ့ကောင်က နဂိုအခံကိုက မိုက်စိတ်ရှိတယ်။ ဒါကြောင့် ကားမောင်းရင် ဘီးဖြုတ်တဲ့သံဂေါက်ကို ဘေးနားထား မောင်းနေကျ။  ဒါပေသည့် ခက်တာက ကိုယ့်ကိုဆဲနေတဲ့ကလေးတွေက ကိုယ့်သားလောက်တွေ။ ဆင်းပြီးရိုက်ရအောင်ကလည်း ကိုယ်ကရိုက်လည်း မကောင်း၊ ကိုယ်အရိုက်ခံရလည်း မကောင်းနဲ့ တော်တော်ဆိုး တဲ့ အခြေအနေ။  သူတို့မျက်နှာတွေကြည့်လိုက်ပြန် တော့ မျက်လုံးတွေက ကြောင်စီစီနဲ့၊ ပုံမှန် အနေအထားမဟုတ်ဘူး။

 ဆဲနေတဲ့ပုံကလည်း ပါးစပ်ကထွက်တာကို မထိန်းနိုင်မသိမ်းနိုင်ဘဲ ဒီအဆဲစကားတစ်လုံးကိုပဲအထပ်ထပ် ဆဲနေတဲ့ပုံမျိုးဆိုတော့ သေချာတာတစ်ခုက ဒီကလေးတွေ မူးယစ်ဆေး သုံးထားတာပဲ။  ကောင်းပြီ၊ အခုတစ်လော ဒီမိုကရေစီ ရပြီဆိုတာနဲ့ ရောပြီး မူးယစ်ဆေးကို လူငယ်တွေကြားမှာကျယ်ကျယ်ပြန့်ပြန့် ရောင်းချသုံးစွဲနေကြတယ်။  အနုပညာ သမားတွေကြားမှာ၊ မော်ဒယ်တွေကြားမှာ၊ ကလပ်တက်တဲ့ လူငယ်တွေကြားမှာ ယုတ်စွအဆုံး အထက်တန်းကျောင်းသူ ကျောင်းသားလေးတွေကြားမှာ မူးယစ်ဆေး သုံးစွဲမှု အရမ်းမြင့် တက်လာနေတယ်။  တာဝန်ရှိသူတွေ ဒီအတိုင်းကြည့် နေတော့မှာလား။ ကြားနေရတာတော့ လူငယ်တွေကြားမှာမြင်းစီးတယ်လို့ ခေါ်တဲ့ မြင်းဆေးတွေ၊ ရာဘလို့ခေါ် တဲ့ အငွေ့ရှူတဲ့ မူးယစ်ဆေးတွေ အရမ်းသုံးနေကြပြီ။  

အရင်ခေတ်ကလို မှတ်မှတ်သားသားဖြစ်အောင် ဖမ်းပြီး မူးယစ် ဆေးဖြတ်စခန်းကို ပို့ထားလိုက်စေချင်တယ်။  ဒီအတိုင်းသာ ဆက်ပြီး လွှတ်ထား ကြည့်၊ လမ်းပေါ်မှာ လူသတ်မှုတွေ၊ ရိုက်ပွဲ တွေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့မယ်။  အခုအချိန်ကတော့ ထိန်းရင် မီသေးတယ်နော်။ ဂိုဏ်းတွေဖွဲ့ပြီး အမှုတွေ ကျူးလွန်တဲ့အချိန်ရောက်ရင် အပ်နဲ့ ထွင်းရမှာ ပုဆိန်နဲ့ ပေါက်ရမှာစိုးလို့ ကြိုသတိပေးနေရတာပါ။  မူးယစ်ဆေးဆိုတာ ရောင်းသူမှ မဟုတ်ဘူး၊ သုံးစွဲသူကိုပါ ဖမ်းလို့ရတယ် လေ။ သုံးတဲ့သူကိုဖမ်းမိရင်ရောင်းတဲ့သူ ကို ဆက်ဖမ်းဖို့ဆိုတာက လွယ်မှလွယ် ပေါ့။ 

သုံးတဲ့သူကို ဖမ်းချင်ရင် လွယ်လွယ်လေး ပါ၊ ညဘက်ကလပ်တွေရှေ့ သွားစောင့်ဖမ်းရင် ကားတောင်ဆံ့မှာ မဟုတ်ဘူး။ အစိုးရမှာလည်းမူးယစ် ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တွေ ရှိတာပဲလေ။  တလောက ရန်ကုန်မှာဖမ်းမိတဲ့ မူးယစ်ဆေးတွေလည်း နည်းမှတ်လို့။ ကြည့်လုပ်ကြဦးဗျ။ မူးယစ်ဆေးဆိုတာမျိုးက သုံးလိုက်ရင် သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေ သူတို့စိတ်ထဲမှာ ဖြစ်လာကြတာလေ။  ဒီတော့ ကား မောင်းတဲ့သူကလည်း သူ့ကိုယ်သူ ပြိုင်ကားမောင်း ချန်ပီယံလို့ ထင်ရင် လမ်းမှာဘာတွေ့တွေ့ ဂရုမစိုက်တော့ဘူး။ မောင်းချင်သလိုမောင်းတော့တာပဲ။ ဒီလိုတွေကြောင့် တလော က ပြိုင်ကား တွေကို စီမံချက်ချ နှိမ်နင်းခဲ့ရပြီးပြီ။  ခက်တာက လူငယ်တွေဆိုရာ အမျိုးသား တွေသာမက အမျိုးသမီးလေးတွေပါ မူးယစ်ဆေးသုံးနေတာကို စိတ်မချမ်းသာစရာ တွေ့နေရတာပါပဲ။  

ဘယ်လောက် တောင် အသက်ငယ်ငယ်လေးတွေ မူးယစ်ဆေး သုံးနေသလဲဆိုရင် အသက် ၁၆ နှစ်ဝန်းကျင်လေးတွေပါ သုံးနေကြတယ်။  ဖြစ်နေတာက မူးယစ်ဆေးမသုံးရင်ဘဲ သူတို့အုပ်စုအသိုင်းအ၀ိုင်းမှာ လူရာမ၀င်တော့သလိုမျိုး ဖြစ်ရာက သုံးကြတော့တာတွေပါ။  ငွေရှိတဲ့သူက တော့ အကြောင်းမဟုတ်ပေမယ့် ငွေမရှိတဲ့ မိန်းကလေးတွေဘ၀က ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားသာကြည့်ကြပါ တော့။  မူးယစ်ဆေးသုံးမှ လူရာဝင်မယ်ဆိုတဲ့ မဟုတ်တရုတ် အတွေးအခေါ်ကြီးကို ပြင်နိုင်အောင် လုပ်ကြပါဦး။ စာရေးနေတုန်း တပည့်ကျော် မောင်ဆိတ်သိုးရောက်လာလို့ ဒီကိစ္စကို သူနဲ့တိုင်ပင်မိတယ်။  သူကတော့ ပြတ်သားတယ်။ အိုးကမပူ စလောင်းကပူ ခင်ဗျားကြီးက ဘာဖြစ်နေတာလဲတဲ့၊ ဒီနိုင်ငံမှာ မဏ္ဍိုင်ကြီးသုံးရပ်လည်း ရှိပြီးသား။

 ပြည်သူတွေရွေးချယ်ထားတဲ့ ပြည်သူတွေရဲ့ ကိုယ်စားလှယ် တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်လည်း ရှိပြီးသား။  တိုင်းပြည်ရဲ့ အဆိုးအကောင်းကို သူတို့က ထိန်းသိမ်းဆောင်ရွက်နေတာ၊ သူတို့က လိုရင် လွှတ်တော်ထဲမှာ မေးခွန်း တွေမေးကြမှာ၊ အခုထိ သူတို့က မူးယစ် ဆေးနဲ့ပတ်သက်ပြီး ဘာမှမမေးသေးတာ။ ခင်ဗျားကြီးက ဘာကောင်မှလည်း မဟုတ်ဘူး။ လျှောက်လျှောက်ရေး မနေနဲ့၊ တော်ကြာ မူးယစ်ဆေးသမား တွေကအုပ်စုဖွဲ့ပြီး သတ်လို့ သေနေဦးမယ်။  

ကိုယ့်ဟာကိုယ် အေးအေးနေ၊ ပြီးတော့ သူတို့ကိုယ်သူတို့ စတုတ္ထမဏ္ဍိုင်ဆိုလား စတုတ္ထမဏ္ဍပ်ဆိုလား ပြောပြော နေတဲ့ မီဒီယာတွေကလည်း အများကြီး။  ပွဲလမ်းသဘင်ဆိုရင် သက်ဆိုင်တဲ့ပွဲလုပ်တဲ့သူနဲ့ ပရိသတ်က နည်းနည်း၊ အဲဒီ မီဒီယာသမားတွေကများများ။ သူတို့ တောင် ဘာမှမရေးတာ၊ ခင်ဗျားကြီး လည်း ရေးမနေနဲ့တော့ဆိုပြီး ဆုံးမနေလို့ရေးလက်စကို ဘယ်လိုအဆုံးသတ်ရမှန်းမသိအောင် ဖြစ်သွားတော့တယ်ဗျာ။  

မာဂျေ  Myanmar Time

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်