Wednesday, October 24, 2012

ကုလသမဂ္ဂကယ်ဆယ်ရေးပစ္စည်းများ သောင်တင်နေ

Posted by drmyochit Wednesday, October 24, 2012, under | No comments

ကချင် ဒုက္ခသည် တွေအတွက် ကုလသမဂ္ဂက ပေးမယ့် အကူအညီ အထောက် အပံ့ ပစ္စည်း တွေဟာ  အစိုး ရနဲ့ ကချင် လက်နက်ကိုင် အဖွဲ့ တွေရဲ့ ခွင့်ပြုချက် မရတဲ့အတွက် ဗန်းမော်နဲ့ မြစ်ကြီးနားမြို့တွေ မှာ သောင်တင် နေပြီး ဒုက္ခသည်တွေဆီ ပစ္စည်းတွေ ရောက်အောင်ပို့ဖို့ အခက်တွေ့နေတယ်လို့ ရန်ကုန်က အမည်မ ဖော်လိုတဲ့ ကုလသမဂ္ဂ အရာရှိတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက အခုချိန်ထိ အကူအညီတွေ ပေးမရဖြစ်နေပြီး စစ်ဘေး ဒုက္ခသည်တွေကို ပေးမယ့် အကူအညီတွေထဲမှာ စားနပ်ရိက္ခာ၊ အ၀တ်အထည်နဲ့ အခြေခံ အသုံးအဆောင်ပစ္စည်းတွေ ပါဝင် တယ်လို့ ပြောပါတယ်။ ဒါပေမယ့် သောင်တင်နေတဲ့ ကူညီကယ်ဆယ်ရေးပစ္စည်း ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

စစ်ဘေးရှောင် ဒုက္ခသည်များ
ကချင် ပြည်နယ် ထဲမှာ အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေပြီး ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့အတွက် အကူအညီပေးတဲ့ သူတွေအတွက် လုံခြုံရေး ဟာ အဓိက ပြဿနာ ဖြစ်တယ်လို့ သူကပြောခဲ့ပါတယ်။

မိုင်ဂျာယန်က ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ၀ိန်ပေါင်နိန်းထွဲ အဖွဲ့က တာဝန်ခံ ဒေါ်မယ်ရီတွမ် ကတော့ ဇွန်လလောက်က ကုလသမဂ္ဂက ပေးတဲ့ အကူအညီတွေကို နောက်ဆုံးရခဲ့တာဖြစ်ပြီး အစိုးရက အစိုးရ ထိန်းချုပ် ရာနယ်မြေ မဟုတ်တဲ့ ဒေသတွေကို အကူအညီတွေပို့ဖို့ တားမြစ်ထားတယ်လို့ပြော ပြပါတယ်။
“ဒီဘက်မှာ ယူအန်အကူညီတွေ မရောက်တာကြာပြီ။ လွန်ခဲ့တဲ့ ဇွန်လကတည်းက စုစုပေါင်း ၂ ခါရောက် တယ်။ အဲကတည်းက မရောက်တာ၊ ကျမတို့မေးကြည့်တော့ အစိုးရခွင့်မပြုလို့ ပြောတယ်။ Non-government control ဧရိယာဘက်ကို လာလို့မရဘူးလို့တော့ ပြောတယ်။ သူတို့လည်း ကြိုးစားနေတယ် လာရဖို့ အတွက်ကို၊ ဒါပေမယ့် အခုထိ လာဖို့အတွက် အစိုးရခွင့်ပြုချက် မရဘူးပြောတယ်။ စခန်း အခြေ အနေက ဆောင်းတွင်းဝင်လာပြီဆိုတော့ အရမ်းအေးတယ်။ အနွေးထည်လေးတွေလိုလာပြီ။ ဆောက်ထား ပေးတဲ့ တဲတွေကလည်း အပေါ်ပိုင်းသွပ်မိုးနဲ့ ကြားထဲမှာ လွတ်ဟာနေတော့ အရမ်းအေး တဲ့အချိန် ရောက်လာ ပြီဆိုတော့ အရမ်းစိုးရိမ်စရာ ရှိတယ်။ ဆောင်းတွင်းအေးတာနဲ့ ဖုန်ကအရမ်းထလာပြီဆိုတော့ နှာစေး ချောင်းဆိုး အအေးမိတာတွေ ဖြစ်တာပေါ့။”
တရုတ်-မြန်မာ နယ်စပ်က နောင်တောင်း ဒုက္ခသည်စခန်းက ဒုက္ခသည်တွေဟာ ကုလသမဂ္ဂ အကူအညီကို ယခုချိန်အထိ မရရှိသကဲ့သို့ ထောက်ပံ့မှုများ ပေးပို့ရန် ကချင်လက်နက်ကိုင်တွေအပါအ၀င် သက်ဆိုင်ရာ အဖွဲ့ များက ခွင့်ပြုခြင်း မရှိတဲ့အတွက် လူမှုရေး ဘာသာရေး အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ ရပ်တည် နေရတယ်လို့ ဆိုပါတယ်။
ဗန်းမော် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်လင်းကတော့ နယ်မြေအကန့်အသတ်ကြောင့် ကူညီပေး ရေးပစ္စည်း တွေ ဒုက္ခသည်တွေဆီ မပို့နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောပါတယ်။
“ဗန်းမော်မှာ သောင်တင်တယ်ဆိုတာက နယ်မြေအကန့်အသတ်ကြောင့် ဖြစ်ကောင်းဖြစ်ပါ လိမ့်မယ်။ ကျနော် တို့ကို လက်လှမ်း မီတဲ့ နေရာ ဆိုရင် တာဝန်ယူပြီး ချိတ်ဆက် ဆောင်ရွက် ပေးတာပေါ့။ လက်လှမ်း မမီတဲ့ နေရာ ဆိုရင်တော့ ဆောင်ရွက် ပေးလို့ မရတာ ရှိတာပေါ့။ ဒါပေမယ့် သွားလာတဲ့အခါ သက်ဆိုင်ရာ ပြည်နယ် အစိုးရ အဖွဲ့ ကိုတင် ပြပြီး တော့မှ သက်ဆိုင်တဲ့ ၀န်ကြီး ဌာနရဲ့ ခွင့်ပြု ချက်နဲ့ သွားရ တာပေါ့။ တရားဝင်သွားလာတာတော့ အခက်အခဲရှိစရာ အကြောင်းမရှိဘူး။ တချို့လည်း သွားလာတာကို သက်ဆိုင်ရာ အစိုးရကို တင်ပြရတယ်။ ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်နဲ့ပဲသွားရပါတယ်။”
ကချင် ပြည်နယ်မှာ တနှစ်ကျော်ကြာလာပြီဖြစ်တဲ့ စစ်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ နယ်စပ် ဒေသနဲ့ တောတွင်းတွေမှာ ပုန်းအောင်းနေရတာ ပါ။ နောက်ဆုံးရရှိထားတဲ့ စာရင်းအရ စစ်ရှောင် ဒုက္ခသည် ပေါင်း ၇ သောင်းခွဲလောက်ရှိနေပြီး ၄ သောင်းနီးပါးဟာ ကချင် လက်နက်ကိုင်တွေရဲ့ ထိန်းချုပ် နယ်မြေထဲ မှာရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ပြင်ပ အကူအညီရဖို့ ခက်ခဲတဲ့အတွက် ဒုက္ခသည်တွေဟာ အစားအစာနဲ့ သန့်စင်တဲ့ သောက်သုံးရေ ရရှိဖို့ အခက် အခဲ တွေနဲ့ ရင်ဆိုင် နေရ တယ်လို့ ကချင် လူမှုရေး အဖွဲ့ တွေက ပြောပါတယ်။ ဒါ့ပြင် အခုချိန်ဟာ ဆောင်းရာ သီကို ကူးပြောင်းလာခဲ့ပြီဖြစ်တဲ့အတွက် အအေးပိုလာပြီး ဒုက္ခသည်တွေ ဟာ  ခြုံစရာ စောင်တွေ လုံလုံ လောက်လောက် မရှိတဲ့ အတွက်လည်း စိုးရိမ်စရာ ဖြစ်နေ တယ်လို့ ဆိုပါတယ်။

(DVB)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်