Wednesday, October 24, 2012

9/11 ပုံစံ အကြမ်းဖက်တိုက်ခိုက်မည့် အစီအစဉ် ဂျော်ဒန်ဟန့်တားနိုင်ခဲ့

Posted by drmyochit Wednesday, October 24, 2012, under | No comments


အယ်လ်ကေးဒါး အကြမ်းဖက် သမားတို့၏ မဟာ ဖျက်ဆီးရေး စီမံကိန်းကြီး တစ်ခုကို ဂျော်ဒန် လုံခြုံရေး တပ်ဖွဲ့များက ဟန့်တားနိုင် ခဲ့ကြောင်း သိရှိရသည်။ အမေရိကန်နိုင်ငံ၊ နယူးယော့ခ် မြို့တော်တွင် 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီး ပြုလုပ်ခဲ့သည့် အခြေ အနေမျိုး ဂျော်ဒန်တွင်လည်း ပြုလုပ်ရန် အယ်လ်ကေးဒါးတို့က စီမံထားသည်။ 

နိုင်ငံအလယ်ပိုင်းတွင် အဓိက ဈေးဝယ်စင်တာကြီးများကို တစ်ပြိုင်တည်း စီးနင်းကာ လူပေါင်းထောင်နှင့်ချီ သေဆုံးစေမည့် အကြမ်းဖက်မှုမျိုးကို အယ်လ်ကေးဒါးတို့က ဇွန်လကတည်းက အကွက်ချ စီစဉ်နေခဲ့သည်။ အထူးသဖြင့် အယ်လ်ကေးဒါးတို့၏ ကမ္ဘာ့ရန်ဖြစ်သော အမေရိကန်၊ ဗြိတိန်တို့နှင့် ရင်းနှီးသော ဆက်ဆံ ရေး တည်ဆောက်ထားသည့် ဂျော်ဒန်အစိုးရကို ကမ္ဘာကျော် အကြမ်းဖက် အဖွဲ့ကြီးက မကျေနပ်ခဲ့ချေ။

အယ်လ်ကေးဒါးတို့သည် အသေခံ ဗုံးခွဲမှုများအတွက် ကြိုတင် လေ့ကျင့်ထားပြီး ဖောက်ခွဲရေး ခါးပတ်များ၊ မော်တော် ကားများနှင့် ကွန်ပျူတာများကို သိမ်းယူနိုင်ခဲ့ကြောင်း ဂျော်ဒန် ထောက်လှမ်းရေး ဌာနက ပြောကြား ခဲ့သည်။

ဂျော်ဒန် အာဏာပိုင်များက အယ်လ်ကေးဒါးတို့သည် ယခုစစ်ဆင်ရေးတွင် လူ့အသက်အိုးအိမ်များကို ဖျက်ဆီး နိုင်စွမ်း ရှိသလောက် ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားကြောင်းလည်း ဆိုသည်။
အဓိကအားဖြင့် အနောက်နိုင်ငံ သံတမန်များ အဓိက ဝင်ထွက် သွားလာနေတတ်သည့် မြို့တော်အမ်မန်းရှိ ဈေးဝယ် စင်တာများကို အယ်လ်ကေးဒါးတို့က ပစ်မှတ်ထားခဲ့ကြောင်း သိရသည်။

 ဂျော်ဒန် လုံခြုံရေးများသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဆီးရီးယားမှ ဖြတ်ကျော် ကာ သယ်ယူလာ သည့် လက်နက်ခဲယမ်းများ စုဆောင်းထားသည်ဟု ယူဆရသူ သံသယ တရားခံ (၁၁)ဦးကို ထိန်းသိမ်း ထား လိုက်သည်။ 



၎င်းတို့ စုဆောင်းသိုမှီးထားသည့် လက်နက်များ၏ ပြင်းအားကို တွက်ချက်ကြည့်ပါက လူဦးရေ ထောင်ဂ ဏန်းထိ သေဆုံးစေမည့် အကြမ်းဖက်မှုမျိုးကို ဖန်တီးနိုင်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောဆို ထားသည်။ ယင်းအခြေအနေက နိုင်ငံ၏ လုံခြုံရေး ကဏ္ဍကိုပင် ဆိုးဆိုးရွားရွား ယိမ်းယိုင်သွားစေမည် ဖြစ်သည်။

သို့သော်လည်း ဂျော်ဒန် ထောက်လှမ်းရေးသည် သံသယ တရားခံများနှင့် ဆက်စပ်နေသော မြေအောက် ရပ်ဝန်းကို အလေးထား စောင့်ကြည့်နေပြီး ကြိုတင်ကာ ကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သံသယ တရားခံ အားလုံးသည် အသက်(၂၀)မှ (၃၀)ကြား အရွယ်များ ဖြစ်ကြပြီး နက်ပြာရောင် ရှပ်အင်္ကျီများ ဝတ်ဆင်ကာ ရှည်လျားသော မုတ်ဆိတ်များ ထားရှိ ထားကြသည်။ ဂျော်ဒန် အစိုးရက ၎င်းတို့ အားလုံးသည် စစ်သွေးကြွ များဟု ကြေ ညာခဲ့ကြသည်။ 
အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဆာမား မာတားက "သူတို့ဟာ ပြင်းထန်ရက်စက်တဲ့ အကြမ်း ဖက်မှုတွေ ကျူးလွန်ဖို့ စီစဉ်ထားကြတာပါ။ အဓိက ဦးတည်တာက ဈေးဝယ် စင်တာတွေနဲ့ သံတမန်ရေးရာ ကိုယ်စား လှယ်တွေကို ဖြစ်ပါတယ်"ဟု သတင်းထောက်များအား ပြောကြားသွားသည်။
ဂျော်ဒန် ထောက်လှမ်းရေး ဌာနက ယခုဖမ်းမိသော အကြမ်းဖက် အဖွဲ့အစည်းသည် အယ်လ်ကေးဒါးတို့၏ အတွေးအခေါ်ရေးရာများ သွပ်သွင်းခံထားရပြီး ၎င်းတို့၏ စစ်ဆင်ရေး အမည်ကိုပင် "9/11 the second"ဟု မှည့်ခေါ်ထားကြောင်း သိရသည်။ 
အမ်မန်းတွင် (၂၀၀၅)ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့က ဟိုတယ်တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နောက် ဂျော်ဒန် လုံခြုံရေး တပ်ဖွဲ့သည် နိုင်ငံ၏ အကြမ်းဖက်အန္တရာယ် ခြိမ်းခြောက်ခံရနိုင်သော အနေအထားကို ပိုမို အလေးထား စောင့်ကြည့်လာခဲ့ကြောင်း သိရှိရသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်